ရှေ့သို့
Image

ဒေါ့မွန်ရဲ့လစာနှစ်ဆနဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ ဘယ်လင်ဂန်

8:32 PM, 22 January

ဒေါ့မွန်ကွင်းလယ်ကစားသမား ဂျုဒ်ဘယ်လင်ဂန်ကတော့ လက်ရှိအသင်းက လစာနှစ်ဆတိုးပေးပြီး စာချုပ်သစ်ကမ်းလှမ်းခဲ့တာကိုတောင် ငြင်းဆန်ခဲ့ပြီး ဥရောပထိပ်သီး အသင်းတစ်သင်းထံကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။ အင်္ဂလန်ကွင်းလယ်လူဟာ လက်ရှိဥရောပအသင်းကြီးတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာစီးတီးနဲ့ လီဗာပူးတို့က စိတ်ဝင်စားနေတဲ့ ပစ်မှတ်တစ်ခုဖြစ်ပြီး အခြားအသင်းကြီး အတော်များများကလည်း ခေါ်ယူချင်နေကြပါတယ်။

၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ ကွင်းလယ်လူဟာ ဒေါ့မွန်အသင်းရဲ့ အနာဂတ်အစီအစဉ်တွေမှာ ပါဝင်နေတာကြောင့် ဒေါ့မွန်ဘက်ကလည်း တတ်နိုင်သမျှ ဆက်ထိန်းချင်နေပါတယ်။ The Sun သတင်းစာရဲ့ဖော်ပြချက်အရ ဒေါ့မွန်ဟာ ဘယ်လင်ဂန်ကို အသင်းရဲ့လစာအများဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်စေမယ့် လစာပမာဏဖြစ်တဲ့ တစ်ပတ်ကို ပေါင် ၁၈၀၀၀၀ နဲ့ ၅ နှစ်စာချုပ်သစ် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ 

ဒါပေမယ့် လူငယ်ကြယ်ပွင့်ကတော့ ဂျာမနီမှာ ၃ ရာသီကစားခဲ့ပြီးဖြစ်တာကြောင့် ပိုမြင့်တဲ့အဆင့် တစ်ခုမှာ သူ့ရဲ့ခြေစွမ်းကို စမ်းသပ်ချင်နေပါတယ်။ ဒေါ့မွန်အနေနဲ့ ဘယ်လင်ဂန်သာ ထွက်ခွာမယ်ဆိုရင် နွေရာသီမှာ သေချာပေါက် အစားထိုးကစားသမား ခေါ်ယူရတော့မှာ ဖြစ်ပါတယ်။ ဒီတစ်ပတ် အစောပိုင်းတုန်းကတော့ ဒေါ့မွန်ဘော့စ် အီဒင်တာဇစ်က ဘယ်လင်ဂန်အပါအဝင် အသင်းက ဘယ်လူငယ်ကစားသမားကိုမှ မရောင်းဖို့ အသင်းကို တိုက်တွန်းခဲ့ပါတယ်။ 

ဘယ်လင်ဂန်ရဲ့ လက်ရှိစာချုပ်က ၂၀၂၄-၂၅ ရာသီအထိရှိနေပေမယ့် ဒေါ့မွန်ကနေ ပြောင်းရွှေ့ဖို့များနေပါတယ်။ ကွင်းလယ်လူဟာ အသင်းအတွက် ဒီရာသီ ၂၂ ပွဲကစားပြီး ၉ ဂိုးသွင်း ၃ ဂိုးဖန်တီးထားပါတယ်။ အင်္ဂလန်အသင်းရဲ့ ကာတာကမ္ဘာ့ဖလားအဖွင့်ပွဲ အီရန်နဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပါသေးတယ်။ 

#ရီးရဲလ်မက်ဒရစ် #ဒေါ့မွန် #ဘယ်လင်ဂမ်