ရှေ့သို့
Image

အပေါင်းလက္ခဏာဆောင်တဲ့နေ့ရက်ပဲလို့ အန်ဖီးလ်ကွင်းမှအပြန်မှာ ကြွေးကြော်လိုက်တဲ့ ချဲလ်ဆီးနည်းပြပေါ်တာ

9:44 AM, 22 January

မနေ့ညပိုင်း၊ အန်ဖီးလ်ကွင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးနဲ့ဂိုးမရှိသရေကျခဲ့ပေမယ့် ချဲလ်ဆီးနည်းပြပေါ်တာကတော့ အခုပွဲစဉ်ရလဒ်ပိုင်းဟာ သူ့ရဲ့အသင်းအတွက် အပေါင်းလက္ခဏာဆောင်တယ်လို့ ကြွေးကြော်ခဲ့ပါတယ်။

နောက်ဆုံး ၁၀ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာ ရရှိထားတဲ့ ချဲလ်ဆီးနည်းပြက အမှတ်ပေးဇယားအဆင့်ရပ်တည်မှု အပြောင်းအလဲမရှိခဲ့ပေမယ့် အခုပွဲစဉ်ရလဒ်ပိုင်းအပေါ် ကျေနပ်အားရနေပါတယ်။

ပွဲအပြီး BT Sport သတင်းဌာနနဲ့တွေ့ဆုံချိန် နည်းပြပေါ်တာက "အသင်းရဲ့စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်ခဲ့တဲ့အရာတွေအတွက် ကျေနပ်ပျော်ရွှင်မိပါတယ်။ အန်ဖီးလ်မှာကစားရတာ အမြဲတမ်းခက်ခဲပါတယ်။ Clean Sheet၊ သရေတစ်မှတ်နဲ့အတူ ကျွန်တော်တို့ ရှေ့ဆက်နိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ ကိုင်ဟားဗက်ဇ်ရဲ့သွင်းဂိုးကို လူကျွံဘောအဖြစ်သတ်မှတ်ခဲ့လို့ ကျွန်တော်တို့ ကံမကောင်းခဲ့ပါဘူး။ ဒုတိယပိုင်းပွဲချိန်မှာတော့ လီဗာပူးကလည်း အပြောင်းအလဲတွေပြုလုပ်ပြီး တုံ့ပြန်လာခဲ့သလို ကျွန်တော်တို့ကလည်း အခွင့်အရေးတွေဖန်တီးကာ ပွဲကိုထိန်းချုပ်ထားခဲ့ပါတယ်။ ယေဘုယျပြောရရင်တော့ သုံးမှတ်အပြည့်မရခဲ့တာကလွဲရင် အပေါင်းလက္ခဏာဆောင်တဲ့ နေ့ရက်တစ်ခုပဲ"လို့ ပြောပါတယ်။

ဒါ့အပြင် ချဲလ်ဆီးနဲ့ပွဲဦးထွက်မှာပဲ သွင်းဂိုးရရှိဖို့ အတော်လေးနီးစပ်ခဲ့တဲ့ မူဒရစ်ခ်ရဲ့ခြေစွမ်းပိုင်းနဲ့ပတ်သက်လို့ မေးမြန်းလာချိန် အင်္ဂလိပ်လူမျိုးနည်းပြက "နိုဝင်ဘာလလောက်ကတည်းက သူ ပွဲကစားချိန်မရရှိခဲ့ပါဘူး။ ဒါက စွန့်စားမှုတစ်ခုဖြစ်မလာခဲ့ဘူးလေ။ ကျွန်တော်တို့နဲ့အတူ ရှိနေခဲ့တာထက်တောင် သူက ပိုကောင်းကောင်းကစားနိုင်ခဲ့တယ်။

မူဒရစ်ခ်ရော၊ ဂျာအိုဖီးလစ်တို့ပါ ကစားသမားကောင်းတွေဖြစ်ပါတယ်။ တခါတရံမှာ နည်းပြတွေကပဲ ထိပ်တန်းကစားသမားတွေဖြစ်လာအောင် လှည့်ပြောင်းပေးနိုင်တယ်ဆိုပြီး လူတွေရဲ့ထင်မြင်ယူဆမှုတွေ ရှိပါတယ်။ ဒါပေမယ့် မူဒရစ်ခ်၊ ဂျာအိုဖီးလစ်တို့က ပွဲတွေအကြောင်း နားလည်ကြပါတယ်။ ဒါကြောင့် အလှည့်အပြောင်းနည်းနည်းလေးပဲ လုပ်ရပါတော့တယ်"လို့ ရှင်းပြခဲ့ပါတယ်။

အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်အဝေးကွင်းခြောက်ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း ပရီးမီးယားလိဂ်အဝေးကွင်း ၇ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီးနောက် အရှည်ကြာဆုံးဖြစ်လာခဲ့ပါတယ်။

#လီဗာပူး #ချဲလ်ဆီး #ပေါ်တာ #ပရီးမီးယားလိဂ်