ရှေ့သို့
Image

အလွန်ပြင်းထန်တဲ့ ကွန်ဖူးကစ်ကြောင့် ၇ ပွဲ ပယ်ခံလိုက်ရတဲ့ အဲရစ်ဘိုင်လီ

10:36 AM, 20 January

ယူနိုက်တက်မှ မာဆေးလ်သို့ အငှားဖြင့် သွားရောက်ကစားနေသော နောက်ခံလူ အဲရစ်ဘိုင်လီဟာ ယခုလအစောပိုင်းက မာဆေးလ်နှင့် ဟိုင်းရီးစ် တို့ကစားခဲ့သော ပြင်သစ်FAဖလားပြိုင်ပွဲမှာ ပြိုင်ဖက်အသင်းရဲ့ကွင်းလယ်ကစားသမားဖြစ်သူ အယ်မိုက်မူဆာ အန်ဒီယာယီ ရဲ့ရင်ဘတ်ကို ပြင်းထန်တဲ့ကန်ချက်နဲ့ ဖျက်ထုတ်မှုကျူးလွန်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံရကြောင်း သိရှိရပါတယ်။

အသက် ၂၈နှစ်ရှိပြီဖြစ်သော အဲရစ်ဘိုင်လီအနေဖြင့် ထို့ဖျက်ထုတ်မှုကြောင့် ပြစ်ဒဏ်အနေနဲ့ ၇ပွဲ ကစားခွင့်ပိတ်ပင်ခံရကြောင်းသိရှိရပါတယ်။ အယ်မိုက်မူဆာ အန်ဒီယာယီ အားဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့ပြီး အထူးကြပ်မတ်ကုသဆောင်တွင်ကုသခဲ့ပြီး ဟိုင်းရီး အသင်း၏ဥက္ကဌဖြစ်သူ မူဟက်ဘူဂျီလယ်က၎င်းတို့၏ ကစားသမားသည် အဲရစ်ဘိုင်လီ၏ ကန်ချက်ကြောင့် နံရိုးကျိုးကာ အဆုတ်နှင့် အသည်းဝေဒနာခံစားနေရကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အိုင်ဗရီကို့စ်လက်ရွေးစင်ဖြစ်သူ အဲရစ်ဘိုင်လီသည် နောက် ၂ ရက်အကြာတွင် ဆေးရုံသို့သွားရောက်ခဲ့ပြီး အယ်မိုက်မူဆာ အန်ဒီယာယီနှင့်ဓါတ်ပုံတွဲရိုက်ကာ ၎င်း၏ အင်စတာဂရမ်တွင် ပြန်လည်တင်ထားခဲ့ပါတယ်။ အဲရစ်ဘိုင်လီသည် လီဂူးဝမ်းတွင် ထရွိုင်နှင့် လော်ရီယန့်တို့ကို အနိုင်ရခဲ့သော မာဆေးလ်အသင်း၏ပွဲစဉ်များကို လွဲချော်ခဲ့ပြီး ယခုအခါ နောက်ထပ် ၅ ပွဲကစားခွင့်ပိတ်ပင်ခံရရန် ကျန်ရှိနေဆဲဖြစ်ပါတယ်။

အဲရစ်ဘိုင်လီသည် ဖေဖော်ဝါရီ ၁၉ ရက်မှာ တူးလော့စ်နှင့် ကစားမည့် လီဂူးဝမ်းမှသာပြန်လည် ကစားရမည်ဖြစ်ပြီး ထိုပွဲစဉ်ပြီးဆုံးပါက ဇယားထိပ်တွင်ရှိသော ပီအက်စ်ဂျီနှင့် တွေ့ဆုံကစားရမှာပဲဖြစ်ပါတယ်။ အဲရစ်ဘိုင်လီသည် ပြီးခဲ့တဲ့ သြဂုတ်လ အပြောင်းအရွှေ့ဈေးကွက်ပိတ်ချိန်မှာ မာဆေးလ်ကို ရောက်ရှိလာခဲ့ပေမယ့် ပြင်သစ်မှာ နေထိုင်စဉ်အတွင်း လီဂူးဝမ်း မှာ ၃ပွဲသာ ကစားခဲ့ရပါတယ်။

စက်တင်ဘာလက အဲရစ်ဘိုင်လီသည် ဆိုရှယ်မီဒီယာပေါ်တွင် ယူနိုက်တက်မှာ မက်ဂွါရီနောက်မှ ပွဲထွက်ခွင့်ရသည့်ကိစ္စကို မပျော်မရွင်ဖြစ်နေကြောင်း၊ ယူနိုက်တက်တွင် အင်္ဂလိပ်ကစားသမားများကို မျက်နှာသာပေးခဲ့သည့်အကြောင်း စွပ်စွဲခဲ့ပါတယ်။ ထို့ပြင် 'ကလပ်အနေနဲ့ အင်္ဂလိပ်ကစားသမားတွေကို မျက်နှာသာမပေးဘဲ လူတိုင်းကို အခွင့်အရေးပေးသင့်ပါတယ်' ဟုအဲရစ်ဘိုင်လီက The Times သတင်းဌာနသို့ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်မှာ နိုင်ငံအသင်းရဲ့ကစားသမားတွေပဲဦးစားပေးခံရတယ်လို့ကျွန်တော်ထင်တယ် ကလပ်အနေနဲ့ အဝတ်လဲခန်းထဲမှာဖြစ်နေတဲ့ကိစ္စတွေကို ဒီအတိုင်းကြည့်နေရုံသက်သက်နဲ့တော့ အဆင်မပြေပါဘူး ကစားသမားတွေနဲ့ နည်းပြတွေကြားဆက်ဆံရေးတွေ ပိုမိုကောင်းမွန်အောင်အားပေးသင့်တယ်လို့ကျွန်တော်ထင်ပါတယ် ဟုအဲရစ်ဘိုင်လီက သူ့ကိုယ်ပိုင်ခံစားချက်တွေကိုပြောခဲ့ပါသေးတယ်။

ချယ်လ်ဆီးဒါမှမဟုတ် တခြား ပရီးမီးယားလိဂ် ကလပ်အသင်းကြီးတွေမှာတော့ ဒီလိုမဖြစ်ပါဘူး။ တစ်ချို့လူတွေက ကစားဖို့အတွက်ရွေးချယ်ခံရတယ်။ ရွေးချယ်ခံရတယ်ဆိုတာ အသင်းအနေနဲ့ အားကောင်းဖို့ပဲဖြစ်သင့်ပါတယ် အားနည်းသွားစေတယ်လို့ယူဆသွားရင်တော့အဆင်မပြေပါဘူး။ ဒါပေမယ့် အဲရစ်တန်ဟက်မှာ ရွေးချယ်စရာ ကစားသမားတွေအများကြီးရှိနေတာမို့ သူ့အနေနဲ့ ပိုကောင်းအောင်ပြောင်းလဲနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ် ဟု ထပ်မံပြောကြားခဲ့ပါတယ်။

အဲရစ်ဘိုင်လီက "ပြီးခဲ့တဲ့ရာသီအကုန်မှာ အဝတ်လဲခန်းမှာ အဲရစ်တန်ဟက်နဲ့ ကျွန်တော်နဲ့ စာချုပ်ချုပ်ဖို့သွားခဲ့တယ်။ ကျွန်တော်က ယူနိုက်တက်ကနေ ထွက်သွားဖို့ရည်ရွယ်ချက်ရှိလို့ပစ္စည်းတွေ ထုပ်ပိုးထားခဲ့ပါတယ်။ သူကကျွန်တော့ကို အသင်းမှာ ဆက်နေစေချင်ပါတယ် ဘာလို့လဲဆိုတော့ အသင်းမှာရှိတဲ့လူတိုင်းကို ပွဲထွက်ခွင့်တွေပေးချင်တာကြောင့်လို့ ပြောပါတယ်။ အဲ့တာကြောင့် ကျွန်တော် ယူနိုက်တက်နဲ့နွေရာသီခရီးစဉ်တွေမှာ လိုက်ပါခဲ့ပါတယ်။ အဲရစ်တန်ဟက်အနေနဲ့ သူရဲ့စကားကို ထိန်းသိမ်းထားခဲ့ပေမယ့် ကျွန်တော်သိပ်တော့ မကစားရပါဘူး ။ ကျွန်တော့ ကိုယ်ကျွန်တော်ယုံကြည်မှုတွေကို ပြန်ရှာဖို့ ပွဲကစားခွင့်တွေပိုလိုအပ်တာမို့ ကျွန်တော်မာဆေးလ်ကို ပြောင်းလာရခြင်းဖြစ်ပါတယ်"ဟု ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မာဆေးလ် #ဘိုင်လီ