ရှေ့သို့
Image

ချဲလ်ဆီးနဲ့ ပတ်သက်လို့ အန်ကူကူကို သတိပေးစကားဆိုလိုက်တဲ့ လိုက်ပ်ဇစ်အသင်းဖော် တီမိုဝါနာ

3:35 PM, 19 January

လိုက်ပ်ဇစ်တိုက်စစ်မှူး တီမိုဝါနာက သူရဲ့ယခင်ကလပ်ဖြစ်တဲ့ ချဲလ်ဆီးမှ ထွက်ခွာခဲ့ရမှုအပေါ် နည်းပြဟောင်း တူချယ်ရဲ့ လွှမ်းမိုးမှုတွေပါဝင်တယ်လို့ ဆိုလိုက်ပြီး အနောက်လန်ဒန်ကလပ်နဲ့ ပတ်သက်လို့ ကလပ်အသင်းဖော် အန်ကူကူကို သတိပေးစကားပြောကြားလိုက်ပါတယ်။

၂၀၂၂ ခုနှစ်၊ သြဂုတ်လအတွင်း ချဲလ်ဆီးမှထွက်ခွာကာ လိုက်ပ်ဇစ်ဆီ ပြန်လည်ရောက်ရှိလာတဲ့ ဝါနာက လက်ရှိမှာတော့ သူ့အနေနဲ့ ဆုံးဖြတ်ချက်ဘယ်လိုချမှတ်ခဲ့ရတယ်ဆိုတာ ပြန်လည်ပြောပြရင်း အသင်းဖော်အန်ကူကူအတွက် အကြံကောင်းတွေ ပေးခဲ့တာပါ။

ချဲလ်ဆီးနည်းပြဟောင်းတူချယ်လက်ထက် လန်ဒန်အခြေစိုက်ကလပ်မှ ထွက်ခွာခဲ့မှုနဲ့ ပတ်သက်လို့ ဝါနာက “ကျွန်တော်က နည်းပြရဲ့ အနာဂတ်အစီအစဉ်ထဲမှာ ဘယ်တုန်းကမှ မပါဝင်ခဲ့ဘူး။ ခင်ဗျားအနေနဲ့ ဒီလိုအခြေအနေကို လက်ခံပေးပြီး ဒါကိုရင်ဆိုင်ဖို့ နည်းလမ်းတစ်ခု ရှာဖွေသွားရမှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

အခုရာသီကုန် ချဲလ်ဆီးဆီ ပြောင်းရွှေ့တော့မယ့် အန်ကူကူနဲ့ပတ်သက်လို့ ဝါနာက “ကျွန်တော် သူ့ကို အပေါင်းလက္ခဏာဆောင်တဲ့အတွေ့အကြုံတွေရော၊ အနုတ်လက္ခဏာဆောင်တဲ့အတွေ့အကြုံတွေရော ပြောပြနိုင်ပါတယ်။ သူ့အတွက် အထောက်အပံ့ကောင်း ဖြစ်စေမှာပါ။ ချဲလ်ဆီးလိုကလပ်အသင်းမှာ လိုက်ပ်ဇစ်မှာလို လုပ်လို့တော့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ချဲလ်ဆီးမှာ ပွဲထွက်ခွင့်အတွက် ပြိုင်ဆိုင်မှုပြင်းထန်လို့ပါ။ အဲ့ဒီပြိုင်ဆိုင်မှုက အားကစားဘက်မှာသာမက စိတ်ဓါတ်ပိုင်းမှာပါ ရှိနေတာပါ”လို့ ရှင်းပြခဲ့ပါတယ်။

ချဲလ်ဆီးမှာ ခက်ခဲတဲ့ကာလကို ဖြတ်သန်းခဲ့ပြီးနောက် ဝါနာက လိုက်ပ်ဇ်စ်အတွက် အခုရာသီ၊ ပြိုင်ပွဲစုံ ၉ ဂိုးအထိ သွင်းယူပေးထားပြီး လက်ရှိအချိန်မှာ ဒဏ်ရာကြောင့် အနားယူနေရပါတယ်။ နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ ပြီးခဲ့တဲ့နွေရာသီမှာ အန်ကူကူက ချဲလ်ဆီးဆီ ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ရာနှုန်းပြည့် ရရှိခဲ့တယ်လို့ သိရပြီး အချိန်ကာလတစ်ခုအပြီးမှာ အန်ကူကူရဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ပွဲဦးထွက်ကို မြင်တွေ့ရဖွယ် ရှိပါတယ်။
#ချဲလ်ဆီး #လိုက်ပ်ဇစ် #ဝါနာ #တူချယ် #ပရီးမီးယားလိဂ်