ရှေ့သို့
Image

ဝမ်ဘစ်ဆာကာကြောင့် အနိုင်ဂိုး သေချာပေါက်ရမယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရပုံကို ပြောပြခဲ့တဲ့ ဇာဟာ

3:27 PM, 19 January

ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူး ဝီးဖရက်ဒ်ဇာဟာတစ်ယောက် မန်ချက်စတာယူနိုက်တက်နဲ့ ပွဲမှာ နောက်ဆုံးမိနစ် အနိုင်ဂိုးရမယ့် အခွင့်အရေးက အသင်းဖော်ဟောင်း အာရွန်ဝမ်ဘစ်ဆာကာကြောင့် ဆုံးရှုံးခဲ့ရပုံကို ပြန်ပြောပြသွားခဲ့ပါတယ်။

ယူနိုက်တက်က ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အိမ်ရှင်ပဲလေ့စ်က ပိုကောင်းတဲ့ ကစားဟန်နဲ့အတူ ပြန်လည်တုန့်ပြန်ကစားသွားခဲ့ပြီး ပွဲချိန် ၉၁ မိနစ်မှာ မိုက်ကယ်အိုလီဆီက ပြစ်ဒဏ်ဘောကနေ လှပတဲ့ချေပဂိုး တစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ထပ်ဆောင်းအချိန်ပိုမှာ ရရှိခဲ့တဲ့ ထောင့်ကန်ဘောကနေ ကတ်စ်မဲရိုးအပိုင်အခွင့်အရေးကို လွဲချော်ခဲ့ပြီးနောက်မှာ ပဲလေ့စ်ကလည်း အနိုင် ၃ မှတ်ကို ရရှိဖို့ နီးစပ်ခဲ့ပါသေးတယ်။

ဇာဟာရဲ့ တန်ပြန်တိုက်စစ်စတင်မှုကနေ လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးနိုင်ခဲ့တာပါ။ အိုင်ဗရီကို့စ်လက်ရွေးစင် ယူနိုက်တက်ဂိုးစည်းထဲထိ ဆွဲဝင်နိုင်ခဲ့ပြီး ကန်ဖို့လုပ်ချိန်မှာတော့ ဝမ်ဘစ်ဆာကာက အနောက်ကလိုက်လာပြီး မယုံနိုင်စရာ လျှောထိုးဖြတ်ထုတ်မှုနဲ့ ရှင်းထုတ်သွားခဲ့တာကြောင့် ပွဲက ၁-၁ ဆိုတဲ့ သရေ ရလဒ်နဲ့သာ ပြီးဆုံးသွားခဲ့ပါတယ်။ ဝမ်ဘစ်ဆာကာဟာ ပဲလေ့စ်မှာတုန်းက ဇာဟာနဲ့ တစ်ရာသီခွဲအတူတွဲ ကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်းတွေဖြစ်ကြပြီး ၂၀၁၉ မှာ အိုးလ်ထရက်ဖို့ဒ်ကို ပေါင်သန်း ၅၀ နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ဇာဟာက ပွဲပြီးအင်တာဗျူးမှာ “ဘယ်ကစားသမားပဲဖြစ်ဖြစ် ကျွန်တော်ဂရုမစိုက်ဘူး၊ ကျွန်တော်က ဘောလုံးဆွဲပြေးပြီဆိုရင် အနောက်ကိုနည်းနည်းတော့ လှည့်ကြည့်လေ့ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တွေ့လိုက်တာ အာရွန်ဖြစ်နေတော့ စိတ်ထဲမှာ “ အိုးမိုင်ဂေါ့ အာရွန်ကြီးဟ” ဆိုပြီး ဖြစ်သွားတယ်လေ။ ဒီလိုမဖြစ်နိုင်တဲ့ လျှောထိုး ဖြတ်ထုတ်မှုမျိုးတွေက သူတစ်ယောက်ပဲ လုပ်နိုင်တာမျိုးပါ။ အရမ်းကောင်းတဲ့ ဖြတ်ထုတ်မှုတစ်ခုပါပဲ”လို့ ပြောသွားခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် နောက်ဆုံး ၅ ပွဲမှာ အိမ်ကွင်းရှုံးတဲ့ ၃ ပွဲအပါအဝင် စုစုပေါင်း ၄ ပွဲရှုံးထားတဲ့ ပဲလေ့စ်အတွက်တော့ လိုအပ်တဲ့ စိတ်ဓာတ်ပိုင်းကို ရရှိလိုက်သလိုပါပဲ။ ဇာဟာက ဆက်လက်ပြီး “ကျွန်တော်တို့က ပါရမီရှင် ကစားသမားတွေရှိတဲ့ အသင်းတစ်သင်းပါ။ နည်းပြကလည်း ပွဲတိုင်းက အစွမ်းကုန် ကစားဖို့နဲ့ ကိုယ့်အရည်အချင်းကို အဆုံးထိပြသဖို့ ပြောထားတယ်။ ဒီနေ့လိုပေါ့၊ နောက်ဆုံးထိ အရှုံးမပေးခဲ့လို့ သရေတစ်မှတ်ရခဲ့တာပါ။ အဲ့ဒါကပဲ ဒီနေ့ကို ပိုထူးခြားသွားစေတယ်၊ ၁၀၀ ရာခိုင်နှုန်းမပြည့်ခင်ထိ ၅၀-၅၀ စီရယူဖို့ အခွင့်အရေး အမြဲတမ်းရှိပါတယ်။ အဲ့ဒါကြောင့် ဘာမှလက်လျှော့ဖို့ မလိုပါဘူး။ ဒါက ကျွန်တော်တို့နဲ့ ထိုက်တန်တဲ့ ရလဒ်ပါ၊ နိုင်ပွဲရဖို့တောင် နီးစပ်ခဲ့ပါတယ်။ ဒီနေ့ခြေစွမ်းက ပရိသတ်တွေနဲ့လည်း ထိုက်တန်ပါတယ်။ အမှတ်ရခဲ့လို့ ဝမ်းသာတယ်၊ နောက်ပွဲတွေ ဆက်ကစားဖို့လည်း ယုံကြည်မှုပိုရှိသွားခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

#ဇာဟာ #ခရစ္စတယ်ပဲလေ့စ် #ဝမ်ဘစ်ဆာကာ #ပရီးမီးယားလိဂ်