ရှေ့သို့
Image

အီတလီစူပါဖလားမှာ မြို့ခံပြိုင်ဘက် အေစီမီလန်ကို ဂိုးပြတ် အနိုင်ယူပြီး အောင်ပွဲခံခဲ့တဲ့ အင်တာမီလန်

9:52 AM, 19 January

ဒီနေ့မနက်ပိုင်း၊ ဆော်ဒီမြေမှာ ကစားခဲ့တဲ့ စူပါကိုပါအီတလီယာ(အီတလီစူပါဖလား)ဗိုလ်လုပွဲမှာ အင်တာမီလန်က မြို့ခံပြိုင်ဘက် အေစီမီလန်ကို ၃-၀ ဂိုးနဲ့ အနိုင်ယူကာ အောင်ပွဲခံခဲ့ပါတယ်။

ဒီပွဲစဉ်ရဲ့ ပွဲအစ ၁၀ မိနစ်မှာပဲ ပြိုင်ဘက်ခံစစ်ရဲ့လူကျွံထောင်ခြောက်ကို အကောင်းဆုံး ကျော်ဖြတ်လာခဲ့တဲ့ ဘာရယ်လာရဲ့ဖန်တီးပေးမှုမှ တဆင့် အင်တာမီလန်ဘယ်တောင်ပံကစားသမား ဒီမာကိုက ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒီသွင်းဂိုးကြောင့် အခုရာသီ၊ စီးရီးအေနောက်ခံလူတွေအနက် ဒီမာကိုက သွင်းဂိုးပါဝင်ပတ်သက်မှု အများဆုံး (လေးဂိုးသွင်း၊ သုံးဂိုးဖန်တီး)ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

နောက် ၁၀ မိနစ်ခန့်အကြာမှာ အေစီမီလန်ရဲ့ စုစည်းမှုမရှိတဲ့ ခံစစ်အားနည်းချက်ကို အခွင့်ကောင်းယူကာ ဒီဇီကိုက တိုနာလီကို လှည့်စားပြီး အင်တာမီလန်အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို လှလှပပထောင့်ဖြတ်ကန်သွင်းယူပေးခဲ့ပါတယ်။ ဒီနောက်မှာလည်း အင်တာမီလန်ရဲ့ အပိုင်ဂိုးကန်သွင်းမှုတွေကို အေစီမီလန်ဂိုးသမားတာတာရက်စ်ဆာနူ ကာကွယ်နိုင်ခဲ့လို့ ဒီထက်ပိုပြီး သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရတာပါ။

ဒုတိယပိုင်းပွဲချိန်တွေမှာတော့ စကူဒက်တိုလက်ရှိချန်ပီယံတွေက အသင်းအတွက်လိုအပ်နေတဲ့ ချေပဂိုးတွေ ရရှိဖို့ ကစားအားမြှင့်တင်ခဲ့ပေမယ့် သွင်းဂိုးရရှိခဲ့တာကတော့ အင်တာမီလန်ပဲ ဖြစ်ပါတယ်။ အင်တာမီလန်နောက်တန်းမှ အမြင့်ဘောပေးပို့လာမှုကို တိုက်စစ်မှူးလော်တာရိုမာတီနက်ဇ်က အေစီမီလန်နောက်ခံလူ တိုမိုရီကို အလွယ်တကူလှည့်စားကာ ဂိုးပေါက်ဆီကို လှလှပပကန်သွင်းယူခဲ့ပါတယ်။

ပွဲအပြီးမှာတော့ အင်တာမီလန်က ဒီပြိုင်ပွဲရဲ့ချန်ပီယံဆုကို ၇ ကြိမ်မြောက် ရယူခဲ့ပြီး ပြိုင်ပွဲသမိုင်းတလျှောက် အအောင်မြင်ဆုံး အသင်းစာရင်းမှာ အေစီမီလန်နဲ့အတူ ပူးတွဲဒုတိယအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

#အီတလီစူပါဖလား #အေစီမီလန် #အင်တာမီလန်