ရှေ့သို့
Image

ရာထူးမှထုတ်ပယ်ခံရရင် အံ့ဩမိမှာမဟုတ်ဘူးလို့ ဆိုလိုက်တဲ့ ချဲလ်ဆီးနည်းပြဂရေဟမ်ပေါ်တာ

4:47 PM, 15 January

ချဲလ်ဆီးနည်းပြဂရေဟမ်ပေါ်တာက အသင်းဘုတ်အဖွဲ့အနေနဲ့ သူ့ကို ရာထူးမှထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ရင်တောင် အံ့ဩမိမှာမဟုတ်ဘူးလို့ ဆိုလိုက်ပြီး အသင်းပိုင်ရှင်တွေက ချဲလ်ဆီးအသင်း လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်မရရှိခဲ့တောင် ပေါ်တာကို ဆက်ရှိစေနိုင်ဖို့ ခွင့်ပြုပေးဖွယ်ရှိနေကြောင်း Daily Mail ရဲ့သတင်းမှာ ဖော်ပြထားပါတယ်။


ပရီးမီးယားလိဂ်နောက်ဆုံးကိုးပွဲမှာ ရမှတ် ၆ မှတ်ပဲ ရှာဖွေနိုင်ခဲ့သလို ချဲလ်ဆီးဟာ အခုရာသီအက်ဖ်အေဖလားပြိုင်ပွဲမှာလည်း မန်စီးတီးကို ဂိုးပြတ်ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရလို့ အသင်းပရိသတ်တွေက နည်းပြပေါ်တာအပေါ် စိတ်ပျက်နေကြပါတယ်။ ချဲလ်ဆီးက နည်းပြမော်ရင်ဟိုလက်ထက် ၂၀၁၅ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးအကျပ်အတည်းတစ်ခုနဲ့ ရင်ဆိုင်နေရတာပါ။


ဒါပေမယ့် ချဲလ်ဆီးပိုင်ရှင်တွေက အသင်းရဲ့လက်ရှိဗျူဟာတွေနဲ့ နည်းပြပေါ်တာအပေါ် ယုံကြည်မှုရှိနေသလို ပရီးမီးယားလိဂ်ချန်ပီယံဆုပြန်လည်စိန်ခေါ်နိုင်ရေးအတွက် အသင်းတွင်းအပြောင်းအလဲတွေ မကြာခဏပြုလုပ်တာမျိုး မလိုအပ်ဘူးလို့ ယူဆနေကြပါတယ်။


ချဲလ်ဆီးနည်းပြဂရေဟမ်ပေါ်တာက " ရလဒ်ကောင်းတွေမရရင် မေးခွန်းထုတ်မှုတွေရှိတာ အမြဲတမ်းလိုပါပဲ။ ကမ္ဘာ့ဖလားမတိုင်ခင် နှစ်ပွဲဆက်ရှုံးနိမ့်ချိန်မှာ ကျွန်တော်ဟာ ဖိအားတွေအောက်ရှိသွားခဲ့ပါတယ်။ ဒီဖိအားတွေ မီဒီယာတွေဆီက လာတာပါ။ အသင်းဘုတ်အဖွဲ့ကတော့ ကျွန်တော့်အပေါ် အပြည့်အ၀ထောက်ခံမှုပေးထားပါတယ်။ သူတို့က လုံး၀ကိုအေးအေးဆေးဆေးပါပဲ။ ဒါပေမယ့် ကျွန်တော်က ငထုံငထိုင်းတော့ မဟုတ်ပါဘူး။ အကယ်၍ တစ်စုံတစ်ဦးက ကျွန်တော်နဲ့လက်တွဲပြီး အလုပ်လုပ်ရတာ အဆင်မပြေဘူးလို့ ယူဆခဲ့ရင် သူတို့အဆင်မပြေတဲ့အကြောင်းကို တိုက်ရိုက်ဖွင့်ပြောခွင့် ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ဒါကို လက်သင့်ခံဖို့ အသင့်ပါပဲ"လို့ ပြောပါတယ်။


အခုလိုပြောဆိုမှုတွေအရ ချဲလ်ဆီးအသင်းဟာ လာမယ့်မတ်လအတွင်း ဒေါ့မွန်နဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရလဒ်ဆိုးရွားခဲ့ရင်ဖြစ်စေ၊ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့ရင်ဖြစ်စေ နည်းပြပေါ်တာရဲ့ရာထူးဟာ လုံခြုံစိတ်ချရတယ်လို့ ယူဆရပါတယ်။

လက်ရှိအသင်းပိုင်ရှင်တွေကတော့ ချန်ပီယံလိဂ်ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆန္ဒရှိနေပေမယ့် နည်းပြပေါ်တာအပေါ် အပြင်းအထန်ဖိအားပေးတာမျိုးတွေ လုပ်သွားဖို့ မရှိပါဘူး။ ဒါ့အပြင် စီနီယာကစားသမားတွေရဲ့ ဒဏ်ရာပြဿနာတွေဆက်တိုက်ကြုံတွေ့ရမှုနဲ့အတူ နည်းပြပေါ်တာဟာ လီဝစ်ဟောလ်၊ဟမ်းဖရီးစ်တို့လို ဆယ်ကျော်သက်ကစားသမားတွေနဲ့ ဂျော်ဂျင်ဟို၊ ကီပါ၊ အက်ဇ်ပီလီကွီတာတို့လို စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကစားသမားတွေကို အားပြုကစားနေရပါတယ်။ ဂျော်ဂျင်ဟို၊ ကီပါ၊ အက်ဇ်ပီလီကွီတာတို့ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အသင်းမှထွက်ခွာဖို့ သတင်းတွေထွက်ပေါ်ခဲ့သူတွေဖြစ်ပြီး ဒီကစားသမားတွေဆီက ကြိုးစားအားထုတ်မှုမရှိတာမျိုး(သို့မဟုတ်) လက်ရှိဆောင်းရာသီစျေးကွက်မှာ အသင်းမှထွက်ခွာခွင့်တောင်းဆိုထားတာမျိုး မရှိဘူးလို့ နည်းပြပေါ်တာက ရှင်းပြပါတယ်။


"ကျွန်တော့်ကတော့ အဲ့ဒီလိုမျိုးမယူဆမိပါဘူး။ သူတို့တွေဟာ တာဝန်ယူမှု၊တာဝန်ခံမှုအပြည့်ရှိသလို ရိုးသားတဲ့ ပရော်ဖက်ရှင်နယ်ကစားသမားတွေပဲလို့ ကျွန်တော်မြင်မိပါတယ်။ ဒီအချက်ကို လူတိုင်း ခံစားမိပါတယ်။ ခင်ဗျား ဘယ်ဆီပဲရောက်နေပါစေ၊ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်က အမြဲတမ်းရှုပ်ထွေးနေလေ့ရှိပါတယ်။ ဒါပေမယ့် ဒီအခြေအနေနဲ့ပတ်သက်လို့ ပြဿနာတစ်ခုခုရှိတယ်လို့ ကျွန်တော်မမြင်မိပါဘူး။ ကျွန်တော့်ဆီမှာ ကစားသမားတွေဆီက ထောက်ခံမှုအပြည့်ရှိသလို တသွေးတည်းတသားတည်း အတူရှိနေပါတယ်။ ကျွန်တော်တို့ အလုပ်တွေ အတူဆက်လုပ်ဖို့ပဲ လိုအပ်တာပါ"လို့ ဂရေဟမ်ပေါ်တာက ဆက်ပြောခဲ့ပါတယ်။


#ချဲလ်ဆီး #ပေါ်တာ #ပရီးမီးယားလိဂ်