ရှေ့သို့
Image

ယူနိုက်တက်ရဲ့ချေပဂိုးကို ခွင့်ပြုပေးတဲ့ဆုံးဖြတ်ချက်ဟာ ရယ်စရာတစ်ခုပဲလို့ ဆိုလိုက်တဲ့ အကန်ဂျီ

4:09 PM, 15 January

မနေ့(စနေနေ့)ညပိုင်း၊ အိုးထရက်ဖို့ဒ်မှာကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်အတွင်း ယူနိုက်တက်ရဲ့ချေပဂိုးကို ခွင့်ပြုပေးခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ ရယ်စရာဟာသတစ်ခုပဲလို့ မန်စီးတီးနောက်ခံလူအကန်ဂျီက ဝေဖန်ပြောဆိုလိုက်ပါတယ်။

ဒီပွဲစဉ်မှာ မန်စီးတီးက ဂျက်ဂရီးလစ်ရှ်ရဲ့ခေါင်းတိုက်သွင်းဂိုးနဲ့ဦးဆောင်ခဲ့ပေမယ့် ယူနိုက်တက်အတွက် ဘရူနိုဖာနန်ဒက်ဇ်၊ မားကပ်စ်ရက်ဖို့ဒ်တို့က သွင်းဂိုးတွေရယူကာ ၂-၁ ဂိုးဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အခုပွဲစဉ်အတွင်း ယူနိုက်တက်ရဲ့ချေပဂိုးနဲ့ပတ်သက်လို့ ဘရူနိုဖာနန်ဒက်ဇ်မသွင်းယူမီ လူကျွံနေတဲ့ ရက်ဖို့ဒ်က ကစားကွက်မှာပါဝင်ပတ်သက်နေတယ်လို့ ယူဆမှုတွေနဲ့အတူ မန်စီးတီးကစားသမားတွေနဲ့ ပရိသတ်တွေ အတော်လေးစိတ်ပျက်ဒေါသထွက်ခဲ့ကြပါတယ်။

ဒီအဖြစ်အပျက်မှာ စည်းကြပ်ဒိုင်က ရက်ဖို့ဒ်လူကျွံနေတယ်ဆိုပြီး ဆုံးဖြတ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က စည်းကြပ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ကို ပြန်လည်ပယ်ချခဲ့ပါတယ်။ ရက်ဒ်ဖို့ဒ်က ဘောလုံးနဲ့မထိခဲ့တာကြောင့် ကစားကွက်မှာပါဝင်ပတ်သက်မှုမရှိဘူးဆိုတဲ့ ယူဆချက်နဲ့အတူ ဖာနန်ဒက်ဇ်ရဲ့သွင်းဂိုးကို ခွင့်ပြုခဲ့တာပါ။

ကွင်းလယ်ဒိုင်အက်ဝဲလ်ရဲ့ဆုံးဖြတ်ချက်အပေါ် လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝေဖန်မှုတွေ ပေါ်ပေါက်လာခဲ့သလို ကစားသမားဟောင်းတွေကလည်း အခုလိုဆုံးဖြတ်ခဲ့မှုနဲ့ပတ်သက်လို့ မေးခွန်းထုတ်ဝေဖန်ခဲ့ကြပါတယ်။ အလားတူ မန်စီးတီးနောက်ခံလူအကန်ဂျီကလည်း ဒီဆုံးဖြတ်ချက်ဟာ အမှားတစ်ခုတစ်ခုပဲလို့ အတိအလင်းပြောဆိုလိုက်ပါတယ်။

BBC နဲ့တွေ့ဆုံချိန် အကန်ဂျီက "ကျွန်တော့်အတွက်တော့ အခုလိုပုံစံမျိုးကို ခွင့်ပြုပေးခဲ့တဲ့ ယူနိုက်တက်ရဲ့ပထမဂိုးက ရယ်စရာဟာသတစ်ခုပါပဲ။"

"အဲ့ဒီအခြေအနေမှာ ရက်ဖို့ဒ် ရှင်းရှင်းလင်းလင်းလူကျွံနေတာကို ကျွန်တော်မြင်တွေ့ခဲ့ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်က သူ့ကို လူကျွံဘောဖမ်းထားခဲ့တာပါ။ သူက နောက်ဆုံးစက္ကန့်အထိ ဘောလုံးနောက်ပြေးလိုက်ခဲ့ပြီး ဘောလုံးက သူရဲ့ရှေ့ရောက်လာတော့မှ ရပ်တန့်လိုက်ပါတယ်။"

"သူက မန်စီးတီးဂိုးသမားအီဒါဆန်ရဲ့ရှေ့မှာ ဂိုးသွင်းယူတော့မယ့်ပုံစံနဲ့ ရှိနေခဲ့တယ်။ နောက်ပိုင်းမှာ သူရပ်တန့်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ လူကျွံအနေအထားမှာရှိမနေတဲ့ ဘရူနိုဖာနန်ဒက်ဇ်က နောက်ကနေ လှမ်းအော်ခေါ်လိုက်လို့ပါ။"

"ရက်ဖို့ဒ် ဘောလုံးနဲ့မထိဘူးဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် သူက ဘောလုံးနောက်ကို မီတာ ၃၀ သာသာလောက် ပြေးလိုက်သွားတာပါ။ သူဘောလုံးကို မီခါနီးမှာ ရပ်လိုက်တယ်။ ကျွန်တော့်အတွက်တော့ ဒါက လူကျွံဘောဆိုတာ ရှင်းလင်းလွန်းပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

ပရီမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၂ နေရာရှိ မန်စီးတီးအတွက် အခုဒါဘီရှုံးပွဲက ယူနိုက်တက်ထက် တစ်မှတ်အသာအခြေအနေဆီ ရောက်ရှိလာခဲ့သလို တဖက်မှာလည်း ဒီနေ့ညကစားမယ့် မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်က နိုင်ပွဲရယူနိုင်ခဲ့မယ်ဆိုရင် ချန်ပီယံဆုကာကွယ်မယ့် မန်စီးတီးနဲ့ အာဆင်နယ်အကြား ရမှတ် ၈ မှတ်အထိ ကွာဟသွားဖို့ ရှိနေပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #မန်ချက်စတာဒါဘီ #အကန်ဂျီ #ပရီးမီးယားလိဂ်