ရှေ့သို့
Image

“Rolex ကို Casio နဲ့လဲတဲ့သူ” ဆိုတဲ့ သီချင်းစာသားနဲ့ ပီကေးကို ပညာသားပါပါထိုးနှက်ခဲ့တဲ့ ရှကီရာ

4:24 PM, 13 January

ကမ္ဘာကျော်အဆိုတော် ရှကီရာကတော့ ဖောက်ပြန်ခဲ့တဲ့ ဘာစီလိုနာနောက်ခံလူ ခင်ပွန်းဟောင်း ဂျရတ်ပီကေးကို အသစ်ထွက်ရှိထားတဲ့ single သီချင်းနဲ့ ထိုးနှက်လိုက်ပါတယ်။ ကိုလံဘီယာပေါ့စတားဟာ သီချင်းသစ်ထဲမှာ ခင်ပွန်းဟောင်းလည်းဖြစ်သလို သူမထက်လည်း အများကြီးအသက်ငယ်တဲ့ ပီကေးကို စာသားတွေနဲ့ ပေါက်ကွဲထားတာ တွေ့ရပါတယ်။

သီချင်းသစ်ရဲ့ စာသားတွေထဲမှာ “ ငါက ၂၂ နှစ်သမီးတွေထက် ၂ ဆပိုလှတယ်၊ နင်က Ferrari ကို Twingo နဲ့ လဲတဲ့သူ၊ Rolex ကို Casio နဲ့ လဲတဲ့သူ ” ဆိုတဲ့ စာသားတွေ ပါဝင်ခဲ့ပါတယ်။ ဘာစီလိုနာခံစစ်မှူးဟောင်းဟာ အသက် ၂၃ နှစ်အရွယ်ရှိ ကလာရာချီယာမာတီဆိုတဲ့ မိန်းကလေးနဲ့တွဲခဲ့ပြီးနောက် ၂၀၂၂ ဇွန်လမှာ ရှကီယာနဲ့ လမ်းခွဲခဲ့ပါတယ်။

ရှကီရာတို့စုံတွဲဟာ ၁၁ နှစ်ကြာ လက်တွဲခဲ့ပြီး လက်ရှိမှာ သားနှစ်ယောက်ကို ထိန်းသိမ်းစောင့်ရှောက်ခွင့်အတွက် နှစ်သစ်ကူးကာလအတွင်းက တရားရင်ဆိုင်ခဲ့ကြပါတယ်။ အတည်မပြုနိုင်တဲ့ ကောလာဟလတွေအရတော့ ပီကေးဟာ ကလာရာနဲ့ လမ်းမခွဲရသေးခင်ကတည်းက ဇာတ်လမ်းတွေ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ ကလာရာကိုလည်း စာသားတွေနဲ့ ထိုးနှက်ထားပါသေးတယ် “နာမည်ကြီးတစ်ယောက်နဲ့တွဲရဖို့ နင့်နာမည်ပျက်ခံလည်း၊ ထင်ထားသလိုတော့ ပျော်စရာမကောင်းဘူးမလာ” ဆိုပြီး ပါဝင်ပါတယ်။

"Shakira: Bzrp Music Sessions, Vol 53" သီချင်းကို နာမည်ကျော် အာဂျင်တီးနားထုတ်လုပ်သူ Bizarrap နဲ့ ပူးပေါင်းဖန်တီးခဲ့တာဖြစ်ပြီး စပိန်ဘာသာတစ်မျိုးတည်းနဲ့သာ ထွက်ရှိပါသေးတယ်။ ပီကေးကို တည့်ပြောထားမှန်း သိသာစေတဲ့ နောက်ထပ်စာသားတွေဖြစ်တဲ့ “ဂျင်တွေချည့်ပဲ ဆော့မနေပဲ နင့်ဦးနှောက်ကိုလည်း နည်းနည်းလောက် လေ့ကျင့်ခန်းလုပ်ခိုင်းပါလား။ အချစ်ကနေ အမုန်းကိုပြောင်းဖို့ ခြေတစ်လှမ်းပဲလိုတယ်။ ခက်ခဲတဲ့ခံစားချက်တော့ မဟုတ်ဘူး ဘေဘီ၊ ငါ့ရဲ့ပံ့ပိုးမှုတွေကို အစားထိုးလိုက်တဲ့ မင်းအတွက် အကောင်းဆုံးတွေပဲ ရနိုင်ပါစေလို့ ငါဆုတောင်းပေးတယ်”လို့ ရေးသားထားပါတယ်။

ရှကီရာဟာ လမ်းခွဲပြီးတာနဲ့ ချက်ချင်းဆိုသလို သူမရဲ့ ဂီတအလုပ်တွေကို ပြန်လုပ်ခဲ့ပြီး အရှေ့မှာလည်း ပီကေးကို ရည်ရွယ်ထားပုံရတဲ့ Te Felicito နဲ့ Monotonia ဆိုတဲ့ single သီချင်းတွေ ထွက်ခဲ့ပါသေးတယ်။ စပိန်ကလာတဲ့ သတင်းတွေအရတော့ စပိန်ကြယ်ပွင့်ဟာ ရှကီရာ့အပေါ်မှာ ဖောက်ပြန်ခဲ့တာလို့ ဖော်ပြကြပါတယ်။

၂၀၂၁ တုန်းက ပီကေးရဲ့ အင်တာဗျူးတစ်ခုမှာ ကလာရာကို မြင်တွေ့ခဲ့ရပြီးနောက် ရှကီရာရဲ့ အသိုင်းအဝိုင်းက ပီကေးနဲ့ ကလာရာရဲ့ပက်သက်မှုက ထင်ထားတာထက်ပိုကြာနိုင်တယ်လို့ ပြောခဲ့ကြပါတယ်။

#ဘာစီလိုနာ #ပီကေး #ရှကီရာ #gossip