ဆော်ဒီအာရေဗျမှာ တင်းကျပ်ထားတဲ့ စည်းမျဉ်းတွေကို အပြည့်အဝလိုက်နာရမယ့် ရော်နယ်ဒိုရဲ့ချစ်သူ
11:36 AM, 13 January
ရော်နယ်ဒိုဟာ အယ်လ်နာဆာသို့ တစ်နှစ်လုပ်ခပေါင် ၁၇၃ သန်းဖြင့် ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်ကမှ အသင်းသစ်နှင့် မိတ်ဆက်ပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ပထမဆုံးပွဲထွက်မှုတော့ ဇန်နဝါရီလ ၁၉ ရက်နေ့ မက်ဆီရဲ့ပီအက်စ်ဂျီအသင်းနှင့်ကစားမယ့် အယ်လ်နာဆာနှင့် အယ်လ်ဟီလယ်အသင်းတို့ ပူးပေါင်းအသင်းမှာ ပါဝင်ကာ ပြုလုပ်သွားမယ်လို့ မျှော်မှန်းရတာဖြစ်ပါတယ်။
သူ့ရဲ့မိသားစုကလည်း အရှေ့အလယ်ပိုင်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ချစ်သူ ဂျော်ဂျီနာကတော့ အဆိုပါနိုင်ငံရှိ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အပြည့်အဝလိုက်နာရမှာဖြစ်ပါတယ်။ နိုင်ငံအတွင်းရှိ အမျိုးသမီးများ၏ လွတ်လပ်ခွင့်များနှင့်ပတ်သက်၍ အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုများရှိခဲ့သော်လည်း ဂျော်ဂျီနာအတွက်ကတော့ ကန့်သတ်ချက်များရှိနေမှာဖြစ်ပါတယ်။
အသက် ၂၈နှစ်အရွယ် ဂျော်ဂျီနာဟာ ဆော်ဒီအမျိုးသမီးတွေဝတ်ဆင်တဲ့ တစ်ကိုယ်လုံးအား လုံခြုံစေရန် ဝတ်ဆင်ရသော ဝတ်စုံကို ဝတ်ဆင်ရန်မလိုအပ်သော်လည်း လုံခြုံတဲ့အဝတ်အစားကိုတော့ ဝတ်ဆင်ရန်လိုအပ်မှာဖြစ်ပါတယ်။ ဒါကြောင့် လည်ဟိုက်အင်္ကျီတွေ၊ ကျပ်တဲ့အဝတ်အထည်တွေ၊ ခန္ဓာကိုယ်ကို သိသာထင်ရှားစွာပေါ်လွင်စေတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ခွင့်ရရှိမှာမဟုတ်တာကြောင့် ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီး ပြန်လည်စဉ်းစားဖို့ လိုအပ်နေတာဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံခြားသားအမျိုးသမီးတစ်ဦးအနေနဲ့ သူမဟာ အရက်သောက်စားခြင်း၊ ဝက်သားနှင့်ပတ်သက်တဲ့ အစားအသောက်တွေကို စားသုံးခြင်း၊ တင်သွင်းခြင်းတို့ကို ပြုလုပ်ခွင့်ရှိမှာလည်းမဟုတ်ပါဘူး။ ရာမာဒန်ဘာသာရေးလက မတ်လနှင့်ဧပြီလတို့မှာ ရောက်လာတဲ့အခါ အာဂျင်တီးနားနိုင်ငံသူဖြစ်တဲ့ ဂျော်ဂျီနာဟာ အများပြည်သူနဲ့သက်ဆိုင်တဲ့ နေရာတွေမှာ စားသောက်ခြင်း ဆေးလိပ်သောက်ခြင်းတို့ကိုလည်း ပြုလုပ်ခွင့်ရရှိမှာမဟုတ်ပါဘူး။
အဆိုပါစည်းမျဉ်းတွေကို ဖောက်ဖျက်ခဲ့ပါက များပြားတဲ့ငွေကြေး ဒါမှမဟုတ် ကြီးလေးတဲ့ထောင်ဒဏ်အထိ ချမှတ်နိုင်တာဖြစ်ပါတယ်။ နောက်ဆုံး အနေနဲ့ သူမဟာ အချို့သော အထိမ်းအမှတ်နှင့် မြင့်မြတ်တဲ့နေရာများသို့ သွားရောက်ခွင့်ရရှိမှာမဟုတ်ဘဲ Mecca နှင့် Medina ကဲ့သို့သော နေရာများသို့ သွားရောက်ခွင့်အတွက်ကို ခွင့်ပြုချက်တောင်းခံရမှာဖြစ်ပါတယ်။
ရော်နယ်ဒိုနှင့် ဂျော်ဂျီနာတို့က လက်ထပ်ထားခြင်းမရှိဘဲ နိုင်ငံရဲ့ဥပဒေမှာ အဆိုပါအချက်ကို တင်းတင်းကျပ်ကျပ်တားမြစ်ထားတာကြောင့် သူတို့နှစ်ဦးက ဆော်ဒီမှာ အတူတူနေထိုင်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စရာကလည်းရှိနေပါတယ်။ သို့သော်လည်း ဆော်ဒီအာဏာပိုင်တွေကတော့ သူတို့နှစ်ဦးကို အတူနေထိုင်ခွင့်ပေးဖို့ ပြင်ဆင်နေပါတယ်။
ရော်နယ်ဒိုနဲ့ သူ့ရဲ့မိသားစုဝင်တွေဟာ ရီဒက်ချ်မြို့ရှိ Four Seasons ဟိုတယ်တွင် နေထိုင်နေပြီး တိုက်စစ်မှုးဟာ ၂ လွှာရှိ အခန်း ၁၇ ခန်းပါဝင်တဲ့ Kingdom Suite မှာ တည်းခိုနေထိုင်နေတာဖြစ်ပါတယ်။