ရှေ့သို့
Image

ချဲလ်ဆီး ကစားသမားဖြစ်ခွင့်ရတဲ့အပေါ် ပျော်ရွှင်နေကြောင်း ထုတ်ပြောလာတဲ့ ဖီးလစ်

12:25 PM, 12 January

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပုံစံကောင်းပြသနိုင်ရန်အတွက် ရုန်းကန်နေရတဲ့ နည်းပြ ဂရေဟမ်ပေါ့တာရဲ့ ချဲလ်ဆီးအသင်းက တိုက်စစ်ပိုင်း အားဖြည့်မှုတစ်ရပ်အနေဖြင့် နည်းပြ ဆီမြွန်နီနဲ့ ဆက်ဆံရေးကောင်း မပိုင်ဆိုင်ထားတဲ့ အက်သလက်တီကိုအသင်းရဲ့ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ဂျာအိုဖီးလစ်ကို ရာသီဝက်အငှားဖြင့် ခေါ်ယူလိုက်နိုင်ခဲ့တဲ့ အကြောင်းတရားဝင်ကြေငြာခဲ့ပြီ ဖြစ်သလို ဖီးလစ်ကလည်း ချဲလ်ဆီးအသင်းမှာ ကစားခွင့်ရမယ့်အပေါ် ပျော်ရွှင်ရကြောင်း ထုတ်ဖော် ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက အက်သလက်တီကိုမက်ဒရစ် အသင်းကနေ ဖီးလစ်ကို အပြီးဝယ်ယူခွင့်မပါဝင်တဲ့ အငှားစာချူပ်ဖြင့် ခေါ်ယူခဲ့တာဖြစ်ပြီး ဖီးလစ်အနေဖြင့် ရာသီကုန်မှာ မက်ဒရစ်ကလပ်မှာ ပြန်လည် ကစားရမှာဖြစ်တာကြောင့် နည်းပြ ပေါ့တာအနေဖြင့် ချဲလ်ဆီး အသင်း ကြုံတွေ့နေရတဲ့ ခက်ခဲတဲ့ အခြေအနေတွေကို ဖြေရှင်းနိုင်ရန် အခြားတိုက်စစ်ကစားသမား တစ်ဦးကိုလည်း ထပ်မံခေါ်ယူသွားဖို့ ပိုမိုဆန္ဒရှိနေတာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက ဂျာအိုဖီးလစ်အတွက် ငှားရမ်းခ ပေါင် ၉သန်းအပြင် ပေါ်တူဂီကြယ်ပွင့်အတွက် လုပ်ခလစာ ပမာဏတစ်ရပ်အဖြစ် တစ်ပတ်လုပ်ခနှုန်းထား ပေါင် ၂၇၅,၀၀၀ အထိ ပေးချေသွားရမှာလည်း ဖြစ်ပါတယ်။

လန်ဒန်ကလပ်အသင်းမှာ ပွဲထွက်ကစားခွင့်ရမယ့် အပေါ် ဖီးလစ်က “ချဲလ်ဆီး ကစားသမားတစ်ယောက်အဖြစ် ကစားရမယ့်အပေါ် အတိုင်းထက် အလွန် ပျော်ရွှင်နေရပါတယ်” “ဒီအသင်းက ကမ္ဘာ့အင်အားကြီးအသင်းတွေထဲမှ တစ်သင်းဖြစ်တာကြောင့် ချဲလ်ဆီးအသင်း ရည်မှန်းထားတဲ့ အနေအထားရောက်ရှိရန် တတ်နိုင်သမျှ ကူညီကစားပေးသွားမှာပါ” “ဒါ့အပြင် ချဲလ်ဆီးအသင်းရဲ့ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ် ကွင်းကြီးအတွင်းမှာ ဝင်ရောက်ကစားရမယ့် အပေါ်လည်း ရင်ခုန်စိတ်လှုပ်ရှားနေပါတယ်” “ဒီအသင်းမှာ ဒေကို၊ ရီကာဒိုကာဗယ်ဟို၊ ပေါ်လိုဖာရီရာ၊ ရာအူးလ်မီယားလက်စ် တို့လို့ ပေါ်တူဂီထိပ်သီး ကစားသမားတွေ ကစားခဲ့ကြဖူးတာကို ပြန်လည် အမှတ်ရမိပါတယ်” “ပေါ်တူဂီကစားသမားမဟုတ်တဲ့ အီဒင်ဟာဇက်၊ ဖရန့်လမ်းပတ်နဲ့ ဒီဒီယာဒရော့ဘာ တို့ကလည်း ကျွန်တော် နှစ်သက်ရတဲ့ ကစားသမားတွေပါပဲ”လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#ချဲလ်ဆီး #ဂရေဟမ် ပေါ့တာ #ဖီးလစ် #ပရီးမီးယားလိဂ်