ရှေ့သို့
Image

နည်းပြတန်ဟတ် စိတ်ကြိုက်ခြေစွမ်းမျိုး ပြသနိုင်ခဲ့ကြတဲ့ ပယ်လီစထရီနဲ့ ဂါနာချို

3:08 PM, 11 January

မန်ချက်စတာယူနိုက်တက်ဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ဆက်တိုက်ခြေစွမ်းပြသလျက်ရှိပြီး အင်္ဂါညက EFL ဖလားပွဲစဉ်မှာလည်း ချာလ်တန်ကို ၃-၀ နဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ အန်တိုနီက ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး ပထမပိုင်းခြေစွမ်းက ကွာခြားခဲ့ပေမယ့် ဒုတိယပိုင်းအစမှာ အနည်းငယ်ခြေကျခဲ့တာကြောင့် နည်းပြအဲရစ်တန်ဟတ်က ကစားသမား အပြောင်းအလဲတွေပြုလုပ်ခဲ့ပါတယ်။

ပွဲချိန်မိနစ် ၉၀ ကျော်မှ လူစားဝင်ကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်က ၂ ဂိုး ဆက်တိုက် သွင်းယူကာ ယူနိုက်တက်က ဂိုးပြတ် နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်သွားခဲ့ပါတယ်။ နည်းပြတန်ဟတ်အတွက်တော့ အင်္ဂလိပ်ဘောလုံးပြိုင်ပွဲတွေရဲ့ ဆီမီးဖိုင်နယ်ကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပေမယ့် ကစားသမားတစ်ယောက်ရဲ့ ခြေစွမ်းကိုတော့ စိတ်တိုင်းမကျခဲ့ပုံရပါတယ်။ အဲ့ဒီကစားသမားကတော့ အန်တိုနီအီလန်ဂါဖြစ်ပြီး ချက်ချင်း အငှားထွက်ကစားရဖွယ် ရှိပါတယ်။ ဆွီဒင်လူငယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက နည်းပြရာ့ဖ်ရန်နစ်လက်ထက် အသင်းကြီးမှာ စတင်နေရာရခဲ့ပြီး ဒီရာသီမှာတော့ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

အီလန်ဂါကို နံပါတ် ၉ နေရာမှာ ပွဲထွက်ကစားစေခဲ့ပေမယ့်လည်း ခြေစွမ်းမပြနိုင်တာကြောင့် သူ့ရဲ့နေရာကို ဖာကွန်ဒိုပယ်လီစထရီနဲ့ လူစားလဲခဲ့ရပါတယ်။ ဥရုဂွေးသားလေးကလည်း အသင်းကြီးမှာ ပွဲဦးထွက် ကစားခွင့်ရဖို့ကို ကာလရှည်စောင့်ဆိုင်းခဲ့ရပြီး ကစားခွင့်ရတာနဲ့ တစ်ပြိုင်နက်ခြေစွမ်းလည်း ပြသနိုင်ခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ရဲက အဖွင့်ဂိုးကို ဖန်တီးပေးခဲ့သလို ကိုယ်တိုင်ကန်သွင်းလို့ရတဲ့ အနေအထားကနေလည်း စကော့မက်တွန်မီနေးကို ဖန်တီးပေးခဲ့ပါသေးတယ်။ ဒါပေမယ့် မက်တွန်မီနေးရဲ့ ကန်ချက်ကတော့ ခံစစ်ကစားသမားတွေနဲ့ပဲ ထိသွားခဲ့ပါတယ်။

ပယ်လီစထရီဟာ အန်တိုနီရဲ့ ညာတောင်ပံတိုက်စစ်နေရာကို ကစားသွားခဲ့တာဖြစ်ပြီး ရတဲ့အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ဘယ်တောင်ပံကို တာဝန်ယူခဲ့တဲ့ အလီဂျန်ဒရိုဂါနာချိုကတော့ ဒီပွဲမှာ အကောင်းဆုံးဖြစ်ခဲ့ပြီး ချာလ်တန်ခံစစ်ကို တော်တော်လေး ဒုက္ခပေးနိုင်ခဲ့ပါတယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ ကစားဟန်တစ်ချို့ကို ပြသခဲ့ပေမယ့် ခြေစွမ်းပိုင်းကတော့ အကောင်းဆုံးပုံစံမှာ ရှိနေပါတယ်။

နည်းပြတန်ဟတ်အတွက်လည်း အသင်းသစ်နဲ့ ပထမဆုံး ဆုဖလားကို ရယူနိုင်ဖို့ အနီးစပ်ဆုံးအခြေအနေကို ရောက်ရှိလာခဲ့သလို ဒီပွဲမှာလည်း လူငယ်တောင်ပံကစားသမား နှစ်ယောက်နဲ့ အကောင်းဆုံးခြေစွမ်းကို ထုတ်ဖော်နိုင်ခဲ့ပါတယ်။ ဂါနာချို၊ ပယ်လီစထရီ တောင်ပံနှစ်ဖက်ကို လာမယ့်ပွဲစဉ်တွေမှာရော မြင်တွေ့ရဦးမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပယ်လီစထရီ #ဂါနာချို #တန်ဟတ်