ရှေ့သို့
Image

မန်ချက်စတာဒါဘီပွဲစဉ်မတိုင်ခင်မှာပဲ ဒဏ်ရာ ပြဿနာကြုံတွေ့နေရတဲ့ ယူနိုက်တက် နောက်ခံလူ ဒါလော့

11:08 AM, 11 January

လာမယ့်စနေနေ့၊ မန်ချက်စတာဒါဘီပွဲစဉ် ရှိနေချိန်မှာပဲ မန်ချက်စတာယူနိုက်တက်ရဲ့အားထားရတဲ့ နောက်ခံလူ ဒါလော့ဟာ ဒဏ်ရာပြဿနာကြုံတွေ့နေရတယ်လို့ သတင်းတွေအရ သိရပါတယ်။ ဒီနေ့မနက်ပိုင်း၊ ချာလ်တန်ကို အနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်ရဲ့ ပထမပိုင်းပွဲချိန်အတွင်း ဒါလော့က ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ပြီး ဝမ်ဘစ်ဆာကာနဲ့ လူစားလဲလှယ်ခဲ့ရပါတယ်။

ပွဲအပြီးမှာ ယူနိုက်တက်နည်းပြတန်ဟက်က ဒါလော့ရဲ့ဒဏ်ရာဟာ မပြင်းထန်ဘူးဆိုပေမယ့် အခုသီတင်းပတ်ကုန် မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် ပါဝင်ကစားနိုင်မလားဆိုတာ စောင့်ကြည့်သွားရမယ်လို့ ရှင်းပြခဲ့ပါတယ်။

တန်ဟက်က “ဒါလော့ဟာ ပထမပိုင်းပွဲချိန်မပြီးဆုံးခင်မှာပဲ ကွင်းထဲမှ ထွက်ခွာခဲ့ရပါတယ်။ ကျွန်တော်တို့ စောင့်ဆိုင်းရဖို့ရှိနေပြီး ကျွန်တော့်အထင်တော့ ဒီဒဏ်ရာက မပြင်းထန်ဘူးလို့ ယူဆမိပါတယ်။ လာမယ့်စနေနေ့၊ တကယ့်ကိုအရေးကြီးတဲ့ ပွဲစဉ်တစ်ပွဲရှိနေချိန်မှာ စွန့်စားမှုတွေ မပြုလုပ်ချင်သလို ကြိုတင်ကာကွယ်မှုအဖြစ် သူ့ကို လူစားလဲလှယ်ခဲ့တာပါ။ လာမယ့်နာရီပိုင်းတွေ အတွင်း သူ့ရဲ့အခြေအနေတွေ ဘယ်လောက်အထိတိုးတက်လာမလဲဆိုတာ ကျွန်တော်တို့စောင့်ကြည့်သွားရမယ်။ ပြီးရင်တော့ ကျွန်တော်တို့ ဆုံးဖြတ်ချက်တစ်ခု ချရမှာပေါ့”လို့ ဆိုပါတယ်။

အသက်-၂၃ နှစ်အရွယ် ခံစစ်မှူးဟာ အခုရာသီမှာ နည်းပြတန်ဟက်ရဲ့ စိတ်ကြိုက်ကစားသမားတစ်ဦး အဖြစ် ခြေစွမ်းပြသနေပေမယ့် သူ့ရဲ့ကြံ့ခိုင်မှုပိုင်းကို အကောင်းဆုံးဖြစ်နေစေရေး ပြင်ဆင်ထားနိုင်ဖို့ လိုအပ်နေပါတယ်။ ဒါလော့ရဲ့အရန်လူ ဝမ်ဘစ်ဆာကာကလည်း ဒါလော့မကစားနိုင်ချိန်မှာ အသင်းနဲ့အတူ ခြေစွမ်းပြကစားရင်း ယူနိုက်တက်အသင်းနောက်တန်းကို အကောင်းဆုံး ကူညီပေးနေပါတယ်။ ဒါပေမယ့် နယ်သာလန်လူမျိုးနည်းပြက ပေါ်တူဂီနောက်ခံလူကိုပဲ အသင်းရဲ့ ဦးစားပေးခံစစ်ကစားသမားအဖြစ် အသုံးပြုနေပြီး ဒါလော့ရဲ့ဒဏ်ရာအခြေအနေ ပြင်းထန်ဖွယ်မရှိတာကြောင့် တန်ဟက်အနေနဲ့ ပျော်ရွှင်နေမှာ ဖြစ်ပါတယ်။

နည်းပြ တန်ဟက်ရဲ့အသင်းက အခုသီတင်းပတ်ကုန်မှာ မန်စီးတီးကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ရှိကာ ဒီပွဲစဉ်အပြီး ခရစ္စတယ်ပဲလေ့စ်၊ အာဆင်နယ်တို့နဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်တွေ ယှဉ်ပြိုင်ကစားရမှာပါ။

#မန်ချက်စတာယူနိုက်တက် #ကာရာဘောင်ဖလား #အဲရစ်တန်ဟက် #ဒီယေဂိုဒါလော့