ရှေ့သို့
Image

ချဲလ်ဆီးရဲ့ယာယီအားကစားဒါရိုက်တာ ရာထူးမှ နုတ်ထွက်လိုက်တဲ့ အသင်းပိုင်ရှင်တော့ဒ်ဘိုလီ

3:28 PM, 10 January

၂၀၂၂ ခုနှစ်၊ ဇွန်လမှစတင်ကာ ချဲလ်ဆီးအသင်းယာယီအားကစားဒါရိုက်တာရာထူးကို တာဝန်ယူခဲ့တဲ့ ပူးတွဲပိုင်ရှင် တော့ဒ်ဘိုလီက အခုအခါမှာတော့ သူ့ရဲ့ရာထူးကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း ချဲလ်ဆီးအသင်းကို ပိုင်ရှင်ဟောင်းရိုမန်အေဘရာမိုဗစ်ချ်ထံမှ တော့ဒ်ဘိုလီဦးဆောင်တဲ့ ပိုင်ရှင်သစ်တွေက လက်လွှဲရယူခဲ့ပြီးနောက် အသင်းရဲ့အဓိကရာထူးကြီးပိုင်းပုဂ္ဂိုလ်တွေဖြစ်တဲ့ မာရီယာနာနဲ့ ပီတာဆက်ချ်တို့ ရာထူးမှနုတ်ထွက်သွားခဲ့ပါတယ်။ ဒါကြောင့်ပဲ တော့ဒ်ဘိုလီက အသင်းရဲ့ ယာယီအားကစားဒါရိုက်တာအဖြစ် သူ့ကိုယ်သူ ခန့်အပ်ခဲ့တာပါ။

အမေရိကန်လုပ်ငန်းရှင်ကြီး ယာယီတာဝန်ထမ်းဆောင်ချိန်မှာ အခုဇန်နဝါရီ အပြောင်းအရွှေ့အပါအဝင် ကစားသမား အင်အားဖြည့်တင်းဖို့ ပေါင်သန်း ၃၅၀ နီးပါး သုံးစွဲခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ တော့ဒ်ဘိုလီက အသင်းရဲ့အကြီးအကဲသစ်တွေဖြစ်တဲ့ ဗစ်ဗဲလ်၊ ဝင်စတန်လေတို့ကို တာဝန်တွေလွှဲအပ်ပေးဖို့ ဆုံးဖြတ်လိုက်ပြီလို့ The Telegraph သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီကာလအတွင်း ပီတာဆက်ချ်ထွက်ခွာသွားလို့ လစ်လပ်နေတဲ့ နေရာအတွက် လိုက်ပ်ဇစ်အကြီးအကဲဟောင်း ဗစ်ဗဲလ်ကို နည်းစနစ်ဒါရိုက်တာသစ်အဖြစ် ဘိုလီက ဒီဇင်ဘာလမှာ ခန့်အပ်ခဲ့တာပါ။ ဒါ့အပြင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း ချဲလ်ဆီးရဲ့ ကမ္ဘာလုံးဆိုင်ရာအပြောင်းအရွှေ့တွေကို ကြီးကြပ်ကွပ်ကဲရမယ့် ဒါရိုက်တာတစ်ဦးအဖြစ် ဝင်စတန်လေကို ခန့်အပ်ထားခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်ဦးက အခုလက်ရှိ ဇန်နဝါရီအပြောင်းအရွှေ့နဲ့ နောက်ပိုင်းကာလတွေမှာ အသင်းရဲ့ စီးပွားရေးဆိုင်ရာကိစ္စရပ်တွေကို ဦးဆောင်ကိုင်တွယ်သွားဖွယ် ရှိနေပါတယ်။

အခုလို အပြောင်းအလဲတွေရှိခဲ့ပေမယ့် ချဲလ်ဆီးကတော့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ အလုပ်များနေဖွယ်ရှိပါတယ်။ နောက်ဆုံးရ သတင်းတွေအရ အနောက်လန်ဒန်က အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူး ဂျာအိုဖီးလစ်ကို ခေါ်ယူနိုင်ဖို့ အလွန်နီးစပ်နေပြီလို့ သိရပါတယ်။

#ချဲလ်ဆီး #တော့ဘိုလီ #ပရီးမီးယားလိဂ်