ရှေ့သို့
Image

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအတွက် ပြင်သစ် ပွဲထွက်ကစားသမား ၅ ဦးခန့် ကြံ့ခိုင်မှုမပြည့်ဝခဲ့ဘူးလို့ ထုတ်ပြောလိုက်တဲ့ ဒက်စ်ချမ့်

4:03 PM, 9 January

အာဂျင်တီးနားကို ရှုံးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက် ပြင်သစ်လက်ရွေးစင်အသင်းမှာ ကြံ့ခိုင်မှုမပြည့်ဝတဲ့ ပွဲထွက်ကစားသမား ၅ ဦးလောက် ရှိခဲ့တယ်လို့ ပြင်သစ်အသင်းနည်းပြ ဒက်စ်ချမ့်က ထုတ်ပြောလာပါတယ်။

ကမ္ဘာ့ဖလားဗိုလ်လုပွဲရဲ့ပထမပိုင်းပွဲချိန်တွေမှာ မက်ဆီရဲ့ပယ်နယ်တီသွင်းဂိုး၊ ဒီမာရီယာရဲ့သွင်းဂိုးတွေနဲ့ အာဂျင်တီးနားက နှစ်ဂိုးပြတ် ဦးဆောင်နေချိန် ဒက်စ်ချမ့်က အားထားရတဲ့ပွဲထွက်တိုက်စစ်မှူးတွေဖြစ်တဲ့ ဒမ်ဘီလီ၊ ဂျီရော့ဒ်တို့အစား မားကပ်စ်သူရမ်နဲ့ မူအာနီတို့ကို လူစားလဲလှယ်ထည့်သွင်းခဲ့ပါတယ်။

ဒုတိယပိုင်းပွဲချိန်တွေမှာ ပြင်သစ်တိုက်စစ်မှူးမက်ပီရဲ့တစ်ကိုယ်တော်ခြေစွမ်းတွေနဲ့ ချေပဂိုးတွေ ပြန်လည်ရယူနိုင်ခဲ့လို့ အချိန်ပိုမိနစ်တွေဆက်လက်ကစားခဲ့ရပါတယ်။ အချိန်ပိုမိနစ်တွေမှာလည်း မက်ဆီက ဦးဆောင်ဂိုးရယူခဲ့ပေမယ့် မက်ပီက ပယ်နယ်တီမှတဆင့် ကမ္ဘာ့ဖလားဗိုလ်လုပွဲ ဟက်ထရစ်သွင်းဂိုးကို ရယူနိုင်ခဲ့တာကြောင့် ပယ်နယ်တီ အဆုံးအဖြတ်ကန်သွင်းခဲ့ရပါတယ်။

ပယ်နယ်တီ အဆုံးအဖြတ်မှာ အာဂျင်တီးနားက ပြင်သစ်ကို ၄-၂ ဂိုးနဲ့အနိုင်ရရှိကာ အသင်းသမိုင်းတလျှောက် ၃ ကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆုကို သိမ်းပိုက်ခဲ့ပါတယ်။ လက်ရှိမှာတော့ ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒက်စ်ချမ့်က ကာတာကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက် ကြံ့ခိုင်မပြည့်ဝတဲ့ ပြင်သစ်ပွဲထွက်ကစားသမား ၅ ဦးနီးပါး ရှိခဲ့တယ်လို့ ရှင်းပြလာပါတယ်။

RMC သတင်းဌာနနဲ့ တွေ့ဆုံချိန် ပြင်သစ်လူမျိုးနည်းပြက “ကျွန်တော့်အနေနဲ့ ကစားသမားတစ်ဦးတည်းကိုပဲ ရည်ညွှန်းပြောဆိုတာမျိုး လုပ်ဖို့ မရှိပါဘူး။ ဒါပေမယ့် ပွဲထွက်လူစာရင်းရဲ့ ကစားသမား ၄ ဦး (သို့) ၅ ဦးလောက်က ဒီပွဲစဉ်ကို ကစားပေးဖို့ လုံလောက်မှန်ကန်တဲ့ကြံ့ခိုင်မှုအခြေအနေမှာ ရှိမနေခဲ့ပါဘူး။ ဒီပွဲစဉ်ဟာ ပြင်သစ် ကစားသမားတော်တော်များများအတွက် ပထမဆုံးဗိုလ်လုပွဲပါ။ ဒါက အရမ်းထူးခြားတဲ့ အခြေအနေတစ်ခုဖြစ်ခဲ့ပါတယ်။ တကယ်တော့ ပွဲထွက်လူစာရင်း ၁၁ ဦးမှာ ၅ ဦးလောက်က ဒီလိုအဆင့်မျိုးမှာ ဒီလိုပြိုင်ဘက်မျိုးနဲ့ ယှဉ်ပြိုင်ကစားဖို့ အမှန်ကန်ဆုံးအခြေအနေမှာ ရှိမနေခဲ့ပါဘူး”လို့ ရှင်းပြခဲ့ပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အသင်းမှထွက်ခွာဖွယ်ရှိနေတယ်လို့ သတင်းကြီးခဲ့တဲ့ ဒက်စ်ချမ့်က ပြင်သစ်လက်ရွေးစင်ဘောလုံးအသင်းကို ဆက်လက်ကိုင်တွယ်ဖို့ ၂၀၂၆ ခုနှစ် ဇွန်လအထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဒါကြောင့် ဒက်စ်ချမ့်က ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ အဖြစ် ယူရို-၂၀၂၄ (ဂျာမနီ)၊ ၂၀၂၆ ကမ္ဘာ့ဖလား (မြောက်အမေရိကတိုက်)တွေမှာ ဆက်လက်ဦးဆောင်ပေးသွားပါမယ်။

#အာဂျင်တီးနား #ပြင်သစ် #ဒက်စ်ချမ့် #၂၀၂၂ကမ္ဘာ့ဖလား