ရှေ့သို့
Image

ပူလီဆစ်ရဲ့ဒဏ်ရာမှာ သီတင်းပတ်များစွာ အနားယူရဖွယ်ရှိတယ်လို့ ပြောဆိုလိုက်တဲ့ နည်းပြပေါ်တာ

3:50 PM, 9 January

ပြီးခဲ့တဲ့ကြာသပတေးနေ့၊ မန်ချက်စတာစီးတီးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်အတွင်း ဒူးဒဏ်ရာ ရရှိခဲ့တဲ့ ချဲလ်ဆီး တောင်ပံကစားသမား ပူလီဆစ်ဟာ သီတင်းပတ်များစွာ အနားယူရဖွယ် ရှိနေတယ်လို့ နည်းပြဂရေဟမ်ပေါ်တာက ထုတ်ပြောလိုက်ပါတယ်။

စတမ်းဖို့ဘရစ်ချ်ကွင်းမှာ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ပွဲချိန် ၂၂ မိနစ်မှာပဲ အမေရိကန်လက်ရွေးစင် ကစားသမားဟာ ဒူးဒဏ်ရာရရှိခဲ့ပြီး လူစားလဲလှယ်ခဲ့ရသလို ရက်ပိုင်းအတွင်း မန်စီးတီးနဲ့ ထပ်မံရင်ဆိုင်ရတဲ့ အက်ဖ်အေဖလားပွဲစဉ်ကိုလည်း လွဲချော်ခဲ့ရပါတယ်။

အသက်-၂၄ နှစ်အရွယ်ကစားသမားရဲ့ကြံ့ခိုင်မှု ဘယ်အချိန်မှာ ပြန်လည်ပြည့်ဝလာမလဲဆိုတာ အတိအကျမသိရသေးပေမယ့် နည်းပြပေါ်တာကတော့ ကစားသမားဟာ စတာလင်၊ အူဘာမီယန်းတို့လိုပဲ ဒဏ်ရာ ရရှိနေတယ်လို့ ဖွင့်ပြောလာပါတယ်။

မန်စီးတီးကို လေးဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားရှုံးထွက်ပွဲစဉ်အပြီး အသင်းရဲ့ဒဏ်ရာရကစားသမား နောက်ဆုံးအခြေအနေအပေါ် သတင်းထောက်တွေက မေးမြန်းလာချိန် ပေါ်တာက “မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒူးဒဏ်ရာ ရရှိခဲ့တယ်လို့ ပူလီဆစ်က ပြောပါတယ်။ ဒီအနေအထားအပေါ် ကျွန်တော်တို့ အသေးစိတ်လေ့လာနေဆဲဆိုပေမယ့် သူကတော့ သီတင်းပတ်များစွာ အနားယူသွားရဖွယ် ရှိနေပါတယ်။ အဲ့ဒီပွဲစဉ်မှာပဲ စတာလင်လည်း ဒဏ်ရာရရှိသွားလို့ သူ့ရဲ့အခြေအနေကိုလည်း အသေးစိတ်လေ့လာနေပါတယ်။ အခုထိတော့ အချိန်သတ်မှတ်ထားတာမျိုး မရှိသေးဘူး။ အူဘာမီယန်လည်း နောက်ကျောမှာ နာကျင်မှု ခံစားခဲ့ရပါတယ်”လို့ ရှင်းပြခဲ့ပါတယ်။

ပူလီဆစ်က အခုရာသီ ချဲလ်ဆီးအတွက် ၂၁ ပွဲသာ ပါဝင်ကစားထားနိုင်ပြီး သွင်းဂိုး တစ်ဂိုး၊ ဂိုးဖန်တီးမှု နှစ်ကြိမ် စွမ်းဆောင်ပေးထားပါတယ်။

#မန်စီးတီး #ချဲလ်ဆီး #ပူလီဆစ် #ပေါ်တာ #ပရီးမီးယားလိဂ်