ရှေ့သို့
Image

အမ်ဘာပေနဲ့ ဘယ်လင်ဂမ်ကို ခေါ်ယူမှာလားဆိုတဲ့ ကလေးပရိသတ်တွေရဲ့ မေးခွန်းကို ဟာသဖြစ်ဖွယ် ဖြေကြားခဲ့တဲ့ တန်ဟက်

10:15 AM, 9 January

ကာတာကမ္ဘာ့ဖလားမှာ အင်္ဂလန်အတွက်နှင့် ကလပ်အတွက် အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဒေါ့မွန်အသင်းက ဘယ်လင်ဂမ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတဲ့ ကလပ်တွေထဲမှာ ယူနိုက်တက်လည်း ပါဝင်နေပါတယ်။

ပြင်သစ်နှင့် ပီအက်စ်ဂျီတို့အတွက် ဆက်တိုက် ဂိုးသွင်းယူခဲ့ပြီးနောက် အမ်ဘာပေဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှုးတွေထဲက တစ်ဦးအဖြစ် စဉ်းစားလို့ရနေတာဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးရဲ့ ငယ်ရွယ်မှု အရည်အချင်းရှိမှုတွေကြောင့် ဥရောပရှိ အသင်းကြီးတော်တော်များများရဲ့ အလိုချင်ဆုံး ကစားသမားတွေဖြစ်ကြပါတယ်။

ယူနိုက်တက်ရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းကနေ ထွက်လာတဲ့အချိန်မှာ ဓာတ်ပုံရိုက်မယ့်သူတွေ၊ လက်မှတ်ထိုးဖို့ စောင့်နေတဲ့ ပရိသတ်တွေအတွက် တန်ဟက်က ကားကို ရပ်တန့်ပေးခဲ့ပါတယ်။ ထိုသို့ပြုလုပ်နေစဉ်အတွင်း "ဘယ်လင်ဂမ်ကို ခေါ်ယူဖို့အတွက် စဉ်းစားနေသလား"လို့ ပရိသတ်တစ်ဦးရဲ့ မေးမြန်းခြင်းကို ခံခဲ့ရပါတယ်။ "ကျွန်တော်လည်း လိုချင်တာပေါ့ ဒါပေမဲ့" လို့ ဖြေကြားနေတုန်း သူ့ရဲ့ စကားမဆုံးခင် အဲ့ဒီပရိသတ်ကပဲ"အမ်ဘာပေကိုရော" လို့ ထပ်မေးခဲ့ပါတယ်။ ဖြေကြားနေစဉ်မှာပဲ "နှစ်ဦးစလုံးကိုရောခေါ်ယူနိုင်ပါသလား" လို့ နောက်ထပ် ပရိသတ်တစ်ဦးက မေးခဲ့ပါတယ်။ "မင်းတို့တွေ ကျွန်တော့်ကိုပေးဖို့ ပိုက်ဆံအချို့ရှိပါသလား" လို့ တန်ဟက်က ပြန်မေးခဲ့ပါတယ်။ အဲ့ဒီလို ဖြေကြားလိုက်တဲ့အချိန် အားလုံးက ဝိုင်းရယ်ခဲ့ကြပြီး "ခင်ဗျားအတွက် ကျွန်တော်တို့ ပိုက်ဆံအချို့ရှာပေးပါ့မယ်။ ခင်များလုပ်နေတာကိုပဲ ဆက်လုပ်သွားပါ ကျွန်တော်တို့က ရှာပေးပါ့မယ်" လို့ ပရိသတ်တစ်ဦးက ပြန်ဖြေခဲ့ပါတယ်။

ရော်နယ်ဒို ထွက်ခွာသွားပြီးနောက် ဒီလမှာ တိုက်စစ်မှုးတစ်ဦးခေါ်ယူချင်ပါတယ်လို့ အသက် ၅၂ နှစ်အရွယ် နည်းပြက အတည်ပြုပြောကြားခဲ့ပါတယ်။ "အခြေအနေ ၂ ရပ်ရှိပါတယ်။ တစ်ခုက ကျွန်တော်တို့ ကလပ်ထဲကပဲ ဖြစ်နိုင်ပါတယ်။ ဂါနာချို၊ အီလန်ဂါ၊ ပယ်လစ်စထရီ တို့အားလုံးက ကမ္ဘာ့ဖလားနဲ့ လေ့ကျင့်ရေးမှာ ကောင်းကောင်းလုပ်ပြထားတာပါ။ ဒါက ပထမပါ" "ဒုတိယကကတော့ ကျွန်တော်တို့က တိုက်စစ်မှုးနည်းနေတာ ဟုတ်ပါတယ်။ ကျွန်တော်က တိုက်စစ်မှုးခေါ်ယူဖို့ တွေးထားပြီး ဒါကလည်း သင့်တော်တဲ့အရာဖြစ်ရမှာပါ" "သင့်တော်တဲ့ အရာဆိုတာက အသင်းသို့ လူပဲရောက်လာတာ မဟုတ်ဘဲ ကစားသမားက အသင်းထံသို့ အရည်းအချင်းကောင်းတွေယူဆောင်လာရမှာဖြစ်ပါတယ်" "ယူနိုက်တက်ရှိ လိုအပ်ချက်တွေက အရမ်းကိုမြင့်မားတယ်ဆိုတာက အားလုံးလည်းသိကြမှာပါ" လို့ တန်ဟက်က ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ဘယ်လင်ဂမ် #အဲရစ်တန်ဟက် #အမ်ဘာပေ