ရှေ့သို့
Image

လီဗာပူး အနေနဲ့ ဘယ်လင်ဂမ်ကို ချဉ်းကပ်ခဲ့ပါတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုလိုက်တဲ့ ကလော့ပ်

10:09 AM, 5 January

အန်ဖီးလ်သို့ ပြောင်းရွှေ့ဖို့အတွက် လီဗာပူးအသင်းဟာ ဘယ်လင်ဂမ်နှင့် တိုက်ရိုက်ဆွေးနွေးနေပါတယ်ဆိုတဲ့ သတင်းတွေကို ကလော့ပ်က ငြင်းဆိုလိုက်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ဒေါ့မွန်တွင် ခြေစွမ်းပြကစားလာခဲ့ပြီးနောက် အသင်းတော်တော်များများရဲ့ စိတ်ဝင်စားခြင်းကိုခံခဲ့ရကာ နွေရာသီအပြောင်းအရွှေ့မှာ အသင်းကြီးတွေ အလိုချင်ဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်လာမယ်လို့ ထင်ရတာဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ် ကစားသမားရဲ့ မိဘတွေနဲ့ ကလော့ပ်က ဆွေးနွေးပြီးနောက် အပြောင်းအရွှေ့တွင် လီဗာပူးဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ရှေ့သို့ရောက်နေပါတယ်လို့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းမှာ သတင်းထွက်ခဲ့တာဖြစ်ပါတယ်။

ဘယ်လင်ဂမ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့တာလားလို့မေးရာတွင် ကလော့ပ်က "သူဟာ ဒေါ့မွန်နဲ့ စာချုပ်သက်တမ်းရှိနေတဲ့ ကစားသမားဖြစ်တာကြောင့် ဒီလိုအကြောင်းအရာတွေက မဖြစ်နိုင်ပါဘူး" "သူတို့ရဲ့ သဘောတူညီချက်မပါဘဲနဲ့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အဆိုပါသတင်းက မမှန်ပါဘူး" "သူဟာ ကျွန်တော်တို့နဲ့ ရင်းနှီးမှုရှိတဲ့ ကစားသမားကောင်းတစ်ဦးပါ။ သူက ကျွန်တော်တို့ရဲ့ ပစ်မှတ်ထဲမှာမရှိဘူးဆိုရင် ကျွန်တော်တို့အသင်းက မိုက်မဲတဲ့အသင်းဖြစ်သွားမှာပါ။ လက်ရှိအချိန်မှာတော့ ဒီ့ထက်ပိုပြီး ပြောစရာမရှိပါဘူး" လို့ SportBILD သို့ ပြောပါတယ်။

လက်ရှိရာသီ ထိပ်ဆုံး ၄ သင်းအတွင်း ဝင်ရောက်ဖို့အတွက် လီဗာပူးအနေနဲ့ ခက်ခဲနေပါတယ်လို့ ကလော့ပ်က ဝန်ခံထားပါတယ်။

"ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့က ကျွန်တော်တို့အတွက် အရမ်းကို အရေးကြီးပါတယ်။ ဒါက ခက်ခဲမှုလည်းရှိပါတယ်" "ပြီးခဲ့တဲ့နှစ်တွေမှာလည်း ကျွန်တော်တို့က အကောင်းဆုံး လုပ်နိုင်ခဲ့တာကြောင့် ပရိသတ်တွေက တော်တော်လေး စိတ်ပျက်နေကြမှာပါ။ ထိပ်ဆုံး ၄ သင်းအတွင်းဝင်ရောက်ဖို့က အချိန်ယူရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ဘာလုပ်ရမလဲဆိုတာကို သိပါတယ်" လို့ ကလော့ပ်က ပြောပါတယ်။

#လီဗာပူး #ဒေါ့မွန် #ကလော့ပ် #ဘယ်လင်ဂမ် #ပရီးမီးယားလိဂ်