ရှေ့သို့
Image

အေစီတိုက်စစ်မှူး ဂျီရော့ဒ်ကို လက်လျှော့လိုက်ပြီဖြစ်တဲ့ ယူနိုက်တက်

5:51 PM, 4 January

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဇန်နဝါရီမှာ နံပါတ် ၉ တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ ဆက်လက်ကြိုးစားနေဆဲဖြစ်ပေမယ့် အေစီမီလန် တိုက်စစ်မှူးကြီး အိုလီဗီယာဂျီရော့ဒ်ကိုတော့ ခေါ်ယူဖို့လက်ရှောင်လိုက်ပြီလို့ သိရပါတယ်။ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ဟာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ထွက်ခွာမှုကြောင့် အသင်းနဲ့ကိုက်ညီမယ့် နံပါတ် ၉ တိုက်စစ်မှူးတစ်ဦးကို ရှာဖွေနေတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အသင်းကိုရောင်းချဖို့ရှိနေတဲ့ အခြေအနေတွေ ရှိနေတာကြောင့် လက်ရှိဈေးကွက်အတွင်းမှာ အပြီးခေါ်ယူဖို့ထက် အငှားခေါ်ယူလို့ရမယ့် တိုက်စစ်မှူးတွေကိုသာ ရှာဖွေလျက်ရှိပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အိုးလ်ထရက်ဖို့ဒ်ကို ရောက်နိုင်တယ်လို့ သတင်းထွက်ခဲ့တဲ့ ၃၆ နှစ်အရွယ် အာဆင်နယ်တိုက်စစ်မှူးဟောင်း ဂျီရော့ဒ်ကတော့ လက်ရှိမှာ ယူနိုက်တက်ကိုရောက်ဖို့ မဖြစ်နိုင်တော့ပဲ မေဂျာလိဂ်ကလပ်တွေနဲ့သာ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

ပြင်သစ်တိုက်စစ်မှူးကို ကမ်းလှမ်းမှုအများအပြားရှိနေပြီး အမေရိကန်ကိုပြောင်းရွှေ့ဖို့ ဖြစ်နိုင်ခြေတော့များနေပါတယ်။ လက်ရှိစီးရီးအေမှာ ဂိုးတွေဆက်တိုက် သွင်းယူနိုင်နေပေမယ့် နွေရာသီမှာတော့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ အီတလီကလပ်ရဲ့ နောက်ဆုံးကမ်းလှမ်းမှုတစ်ခုကိုလည်း တိုက်စစ်မှူးဘက်က ငြင်းဆန်ခဲ့ပြီး မေဂျာလိဂ်ကလပ်တွေဆီသာ ပြောင်းရွှေ့ဖို့နီးစပ်နေကြောင်း ESPN သတင်းထောက် တေလာတွယ်လ်မန်းက ဖော်ပြခဲ့ပါတယ်။

ပြင်သစ်တိုက်စစ်မှူးကြီးဟာ ကာတာကမ္ဘာ့ဖလားမှာ သွင်းဂိုး  ၄ ဂိုးထိ သွင်းယူနိုင်ခဲ့တာကြောင့် စုစုပေါင်းနိုင်ငံအသင်းအတွက ၅၃ ဂိုး သွင်းယူနိုင်ခဲ့ပြီး သီယာရီအွန်နရီရဲ့ စံချိန်ကိုကျော်ဖြတ်ကာ နိုင်ငံရဲ့ ဂိုးအများဆုံးသွင်းယူထားသူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေနေ့ကသတင်းတွေအရ ယူနိုက်တက်ဟာ မိုချန်ဂလာဘက်တိုက်စစ်မှူး မားကပ်စ်သူရမ်ကို အနီးကပ်စောင့်ကြောင့်လျက်ရှိတယ်လို့ ဆိုပါတယ်။

အဆိုပါ ၂၅ နှစ်အရွယ် ပြင်သစ်သားကလည်း နွေရာသီမှာ စာချုပ်သက်တမ်းကုန်မှာဖြစလို့ အခုချိန်မှာ နိုင်ငံခြားကလပ်အသင်းတွေနဲ့ လွတ်လပ်စွာဆွေးနွေးလို့ရနေပါပြီ။ ဘာစီလိုနာက သေချာပေါက်ထွက်မယ့် ကစားသမားဟောင်း မမ်းဖစ်ဒီပေး၊ ရော်နယ်ဒိုရောက်လာတာကြောင့် ဆော်ဒီကလပ်အယ်နာဆာက အငှားချဖို့စဉ်းစားနေတဲ့ ကင်မရွန်းအသင်းရဲ့ ကမ္ဘာ့ဖလားကြယ်ပွင့် ဝါရင့်တိုက်စစ်မှူး ဗင်းဆင့်အဘူဘိတ်ကာတို့လို ရွေးချယ်စရာကစားသမားတွေတော့ ဈေးကွက်ထဲမှာရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #အေစီမီလန် #အပြောင်းအရွှေ့ #ဂျီရော့ဒ်