ရှေ့သို့
Image

စီရော်နယ်ဒိုရဲ့ စာချုပ်သစ်နဲ့ ပတ်သက်လို့ အမြင်ကို ထုတ်ပြောလာတဲ့ နယူးကာဆယ်နည်းပြ ဟိုဝီ

11:00 AM, 4 January

စီရော်နယ်ဒိုနဲ့ ဆော်ဒီကလပ်အယ်လ်နာဆာတို့အကြား ချုပ်ဆိုခဲ့တဲ့ စာချုပ်သစ်အရ ပေါ်တူဂီ တိုက်စစ်မှူးအနေနဲ့ နယူးကာဆယ်ဆီ ပြောင်းရွှေ့ခွင့်ရှိတယ်ဆိုတဲ့အချက် ပါရှိနေတယ်ဆိုပြီး ဆွေးနွေးမှုတွေအပေါ် နယူးကာဆယ်နည်းပြ ဟိုဝီက ပြတ်ပြတ်သားသားတုံ့ပြန်လာပါတယ်။

အယ်လ်နာဆာက သူတို့ရဲ့တိုက်စစ်မှူးသစ်မိတ်ဆက်ခြင်းအခမ်းအနားကို မနေ့(အင်္ဂါနေ့)၊ Mrsool Park အားကစားကွင်းမှာ မီးရှူးမီးပန်းပစ်ဖောက်တာတွေအပါအဝင် တခမ်းတနားနဲ့ ပြုလုပ်ခဲ့ပါတယ်။ စီရော်နယ်ဒိုနဲ့ အယ်လ်နာဆာတို့အကြား အပြောင်းအရွှေ့သဘောတူညီမှုအရ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်းဟာ တစ်နှစ်လုပ်ခ ပေါင် ၁၇၅ သန်း လက်ခံရရှိမှာဖြစ်သလို လာမယ့်နွေရာသီမှာ နယူးကာဆယ်အသင်းဆီ ပြောင်းရွှေ့နိုင်ခွင့်လည်း ရရှိထားပါတယ်။

အယ်လ်နာဆာနဲ့ နယူးကာဆယ်တို့က ဆော်ဒီလုပ်ငန်းစုပိုင်ဆိုင်တဲ့ ပိုင်ရှင်တူကလပ်အသင်းတွေဖြစ်ပြီး စီရော်နယ်ဒိုရဲ့ အင်္ဂလန်မြေဆီနောက်တစ်ကြိမ် အပြန်ခရီးလမ်းဟာ ဟိုဝီရဲ့အသင်း လာမယ့်ဘောလုံးရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရ၊မရနဲ့တော့ ဆက်စပ်နေပါတယ်။ အနာဂတ်ကာလမှာ စိန့်ဂျိမ်းစ်ပတ်ဆီ စီရော်နယ်ဒို ပြောင်းရွှေ့လာနိုင်မယ့် အလားအလာအပေါ် မေးမြန်းလာချိန် နယူးကာဆယ်နည်းပြဟိုဝီ အနည်းငယ်စိတ်ရှုပ်စိတ်တိုသွားခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ သူ့အတွေးထဲမှာ မရှိသေးဘူးလို့ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်နဲ့ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း အခုလိုမေးမြန်းလာမှုကို နည်းပြဟိုဝီက " စီရော်နယ်ဒိုအနေနဲ့ သူ့ရဲ့အသင်းသစ်နဲ့အတူ အောင်မြင်မှုတွေ သိမ်ပိုက်နိုင်ဖို့ ဆုတောင်းပေးပါတယ်။ ကျွန်တော်တို့ရဲ့ရှုထောင့်အမြင်အရဆိုရင် ဒီကိစ္စမှာ လက်တွေ့အမှန်တရားတခုတလေတောင် မရှိသေးပါဘူး"လို့ Sky Sports သတင်းဌာနဆီ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့၊ စီရော်နယ်ဒိုရဲ့ဆော်ဒီမြေသတင်းစာရှင်းလင်းပွဲအတွင်း ပေါ်တူဂီတိုက်စစ်မှူးမှာ ပရီးမီးယားလိဂ်(သို့မဟုတ်) ဥရောပဘောလုံးလောကဆီပြန်လာမယ့် စိတ်ကူးမျိုးမရှိတာကို တွေ့မြင်ခဲ့ရပါတယ်။

စီရော်နယ်ဒိုက "ကျွန်တော့်ဘ၀ရဲ့ အခုလိုအရေးကြီးဆုံးဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်ခဲ့လို့ ဂုဏ်ယူမိပါတယ်။ ဥရောပမှာတော့ ကျွန်တော်လုပ်စရာတွေ မရှိတော့ပါဘူး။ ကျွန်တော်က ဥရောပရဲ့ထိပ်သီးကလပ်အသင်းတွေမှာ ကစားခဲ့ပြီး အောင်မြင်မှုတိုင်းကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခုကတော့ အာရှမြေမှာ စိန်ခေါ်မှုသစ်တွေနဲ့ ရင်ဆိုင်ရမှာပါ။ အမျိုးသမီးတွေအတွက်၊ လူငယ်မျိုးဆက်သစ်တွေ အတွက် ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်လာဖို့ အခုလိုအခွင့်အလမ်းမျိုး ပေးအပ်ခဲ့တဲ့ အယ်လ်နာဆာကိုလည်း ကျွန်တော် အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော့်အတွက်တော့ ဒါက စိန်ခေါ်မှုတစ်ခုပါ။ ဒါပေမယ့် ကျွန်တော်ကျေနပ်ပျော်ရွှင်ဂုဏ်ယူမိပါတယ်။ အခုအချိန်မှာ ကျွန်တော်ပြောနိုင်တာက ကျွန်တော့်မှာ အမေရိကန်၊ ဩစတြေးလျ၊ ဘရာဇီးနဲ့ ဥရောပဘောလုံးရပ်ဝန်းမှာ ဆက်လက်ကျင်လည်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိခဲ့တယ်ဆိုတာပါပဲ။ ပေါ်တူဂီမှာတောင် ကလပ်အသင်းတော်တော်များများက ကျွန်တော့်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနိုင်ငံရဲ့ ဘောလုံးလောကသာမက အခြားကဏ္ဍတွေမှာပါ ဖွံ့ဖြိုးတိုးတက်လာဖို့ ကျွန်တော်က ဒီကလပ်ဆီပဲ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

#နယူးကာဆယ် #ရော်နယ်ဒို #ဟိုဝီ #ပရီးမီးယားလိဂ်