ရှေ့သို့
Image

လာမယ့်ရာသီ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာ စီရော်နယ်ဒိုကို ပြန်လည်မြင်တွေ့ရဖွယ်ရှိနေ

1:56 PM, 3 January

ဆော်ဒီကလပ် အယ်လ်နာဆာနဲ့ စီရော်နယ်တို့ ချုပ်ဆိုခဲ့တဲ့ စွဲမက်လောက်ဖွယ် သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းတစ်ခုအရ လာမယ့်ရာသီမှာ နယူးကာဆယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ရင် စီရော်နယ်ဒိုအနေနဲ့ နယူးကာဆယ်ဆီ အငှားပြောင်းရွှေ့ခွင့်ရရှိနိုင်တယ်လို့ စပိန်သတင်းရပ်ဝန်းမှာ ဖော်ပြလာပါတယ်။

ကတောက်ကဆဖြစ်စဉ်တွေနဲ့အတူ မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲခဲ့ပြီးနောက် စီရော်နယ်ဒိုက ကလပ်အသင်းမဲ့ ကစားသမားဖြစ်လာခဲ့ပြီး ပေါ်တူဂီ လက်ရွေးစင်တိုက်စစ်မှူးက ဥရောပဘောလုံးလောကမှာ ဆက်လက်ကျင်လည်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆက်လက်ပါဝင်ချင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ သူက ဥရောပထိပ်သီးကလပ်အသင်းတွေရဲ့ပြိုင်ပွဲကြီးနဲ့ဝေးရာ ဆော်ဒီမြေကို ခရီးဆက်ဖို့ ရွေးချယ်ခဲ့ပေမယ့် လတ်တလောထွက်ပေါ်လာတဲ့ Marca သတင်းဌာနရဲ့ သတင်းဖော်ပြမှုတွေအရ မကြာခင်ကာလမှာ စီရော်နယ်ဒိုကို ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ပြန်လည်မြင်တွေ့ရဖို့ အလားအလာတွေ ရှိလာခဲ့ပါတယ်။

ဒီသတင်းဌာနရဲ့အဆိုအရ နည်းပြဟိုဝီရဲ့အသင်းသာ လာမယ့် ၂၀၂၃-၂၀၂၄ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမယ်ဆိုရင် စီရော်နယ်ဒိုအနေနဲ့ နယူးကာဆယ်ဆီ အငှားသွားရောက်ကစားခွင့် ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ အယ်လ်နာဆာအသင်းကို ပိုင်ဆိုင်ထားတဲ့ ဆော်ဒီသူဋ္ဌေးတွေက နယူးကာဆယ်အသင်းကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှာ အပြီးသတ်ဝယ်ယူခဲ့တာပါ။

လွန်ခဲ့တဲ့ ၁၅ လတာကာလအတွင်း ဆော်ဒီသူဋ္ဌေးတွေက အသင်းအတွက် ကစားသမားသစ်များစွာ ခေါ်ယူပေးခဲ့ပြီး ကလပ်အသင်းရဲ့ကံကြမ္မာကိုလည်း တန်းဆင်းဇုန်အတွင်းမှ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာစာ ရရှိလာသည်အထိ ပြောင်းလဲပေးခဲ့ပါတယ်။

လက်ရှိအချိန်မှာ နယူးကာဆယ်က အာဆင်နယ်၊ မန်စီးတီးတို့ရဲ့နောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့်-၃ နေရာမှာ ရပ်တည်နေပါတယ်။ စီရော်နယ်ဒိုကတော့ ဆော်ဒီမြေဆီ ရောက်ရှိနေပြီဖြစ်ပြီး လာမယ့်ကြာသပတေးနေ့မှာ အသင်းသစ်အတွက် ပွဲဦးထွက် ပါဝင်ကစားပေးနိုင်ဖွယ်ရှိပါတယ်။

#အပြောင်းအရွှေ့ #ရော်နယ်ဒို #ဟိုဝီ