ရှေ့သို့
Image

လတ်တလော နောက်ထပ်ကစားသမားသစ် ခေါ်ယူဖွယ်မရှိဘူးလို့ အရိပ်အမြွက်ပြောဆိုလိုက်တဲ့ ကလော့ပ်

12:58 PM, 2 January

လီဗာပူး အနေနဲ့ ကွင်းလယ်လူအမြောက်အများနဲ့ ချိတ်ဆက်မှုတွေရှိနေပေမယ့် အခုဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်း အသစ်ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးဂတ်ပိုဟာ နောက်ဆုံးခေါ်ယူမှု ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ နည်းပြ ကလော့ပ်က အရိပ်အမြွက်ထုတ်ပြောလိုက်ပါတယ်။

ပီအက်စ်ဗွီတိုက်စစ်မှူးဟောင်း ဂတ်ပိုက အခုအပြောင်းအရွှေ့မှာ ခန့်မှန်းပြောင်းရွှေ့ကြေး ပေါင် ၄၄ သန်းနဲ့ အန်ဖီးလ်မြေဆီ ရောက်ရှိလာခဲ့တာပါ။ လီဗာပူးက လက်စတာကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကိုလည်း ဂတ်ပိုက ပွဲစင်ကြည့်ပေါ်မှတဆင့် ကြည့်ရှုအားပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ လီဗာပူးအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ နောက်ထပ် ကစားသမားသစ်တွေကို ခေါ်ယူနိုင်မယ့် အလားအလာအပေါ် နည်းပြကလော့ပ်ဆီ မေးမြန်းခဲ့ကြပါတယ်။

ဂျာမန်သားနည်းပြက “ကျွန်တော် ဒီကလပ်အသင်းဆီ ရောက်ရှိလာတာ ၇ နှစ်ကျော်လာခဲ့ပါပြီ။ အပြောင်းအရွှေ့ဈေးကွက်တိုင်းမှာ ဒီအကြောင်းအရာတွေပဲ ပြောနေကြပြီး ငွေကြေးရဲ့အခန်းကဏ္ဍကိုတော့ ဘယ်သူမှလည်း မပြောဆိုကြပါဘူး။ ဘယ်သူက ဒီအရာအပေါ် ဂရုစိုက်လို့လဲ? ငွေတွေအများကြီးသုံးရတာကို ဘယ်သူကမှ ကြိုက်မှာမဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ ဘယ်သူ့ကိုမှ စိတ်မပျက်စေချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဂတ်ခ်ပိုလိုမျိုး ထူးချွန်တဲ့ကစားသမားတစ်ဦးကို ခေါ်ယူနိုင်ခဲ့ပြီးနောက် နောက်ထပ်ဘယ်သူ့ကို ခေါ်ယူဦးမလဲဆိုတဲ့ အကြောင်းအရာအသစ်ကို ဖတ်ရှုမြင်တွေ့လာရပါတယ်။ ဒါက ကျွန်တော်တို့မှာ အသင်းတစ်ခု ရှိမနေတာနဲ့ တူညီနေပါတယ်။ အရိုးသားဆုံးပြောရရင် ကျွန်တော်တို့က မိုနိုပိုလီကစားနေတာ မဟုတ်ပါဘူး။ ဒါမျိုးလုပ်ဖို့မရှိသလို ဒီအရာအပေါ် ကျွန်တော်လည်း နားမလည်နိုင်ပါဘူး။ အမှန်ပါပဲ၊ ကျွန်တော်တို့က အံ့အားသင့်လောက်စရာငွေကြေးသုံးစွဲမှုတွေ မပြုလုပ်နိုင်ပါဘူး။ ကျွန်တော်တို့က ကိုယ့်ရဲ့အခြေအနေအပေါ်မှာ အမြဲတမ်း အဖြေရှာရမှာဖြစ်ပြီး ဒါကပဲ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဒဿနတွေထဲက အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်”

“ကျွန်တော်တို့က ရှိရင်းစွဲကစားသမားတွေအပေါ် ယုံကြည်မှုအပြည့်နဲ့ အလုပ်တွေ တွဲလုပ်နေပါတယ်။ ဒီနေရာအတွက် ကစားသမားသစ်လိုအပ်နေတယ်လို့ ကစားသမားတွေအပေါ် ဖိအားပေးပြောဆိုပြီး အဆက်မပြတ်မေးခွန်းထုတ်တာမျိုး လုပ်မှာမဟုတ်ပါဘူး။ ဂတ်ပိုရဲ့အပြောင်းအရွှေ့ကို ကြည့်မယ်ဆိုရင် ဒါကို မြင်သာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အသင်းမှာ ဒီနေရာက လက်ရှိမှာဆိုရင် ကစားသမားသစ် လိုအပ်နေပါတယ်။ သူ့မှာရှိတဲ့ အရည်အသွေးနဲ့ အခါအခွင့်သင့်လာပုံက တကယ့်ကို ပြည့်စုံလွန်းပါတယ်။ အကယ်၍ ကျွန်တော်တို့က သူ့ကိုခေါ်ယူဖို့ နွေရာသီအထိ စောင့်ဆိုင်းလိုက်မယ်ဆိုရင် ပြောင်းရွှေ့ကြေးပမာဏတွေ ပိုကြီးမားလာဖို့ရှိသလို သူ့ကို အခြားအသင်းတစ်ခုက ခေါ်ယူသွားတာမျိုး ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ နောက်နှစ်မှာလည်း ပွဲစဉ်တွေက နည်းလာဖို့မရှိဘဲ များလာမှာဖြစ်လို့ အခုလိုကြိုတင်ခေါ်ယူလိုက်တာက အဓိပ္ပါယ်ရှိပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် နေရာတိုင်းမှာ အရည်အသွေးအပြည့်နဲ့ ကစားသမားစာရင်း နှစ်သင်းစာရှိနေမယ်ဆိုရင် ကျွန်တော်တို့က အလှည့်ကျပွဲကစားခွင့် လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ဒါက ကျွန်တော်တို့ ပြင်ဆင်လုပ်ဆောင်နေတဲ့အရာဆိုတာ သိသာပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ငွေတွေ အများကြီးသုံးမှာမဟုတ်ဘူးလို့ ပြောလိုက်မယ်ဆိုရင် အချို့လူတွေ အံ့အားသင့်နေခဲ့တာပါ။ ဒါက အရမ်းကို ရှင်းရှင်းလင်းလင်းဖြစ်သင့်ပါတယ်။ အကယ်၍ မှန်ကန်တဲ့ကစားသမားနဲ့ ငွေကြေးအခြေအနေတစ်ခုရှိလာခဲ့မယ်ဆိုရင် ကျွန်တော်တို့ ဒါကို လုပ်ဆောင်သွားပါလိမ့်မယ်။ ဒီလိုမဟုတ်ဘူးဆိုရင်တော့ မလုပ်ရုံပဲပေါ့” လို့ ပြောဆိုခဲ့တာပါ။

ဂတ်ပိုကို ခေါ်ယူမှုက အသင်းရဲ့တိုက်စစ်ပိုင်းအတွက် ကောင်းမွန်တဲ့ အင်အားဖြည့်တင်းမှုတစ်ခုဖြစ်ပေမယ့် ကွင်းလယ်ပိုင်းမှာလည်း ကစားသမားသစ်အင်အားဖြည့်တင်းဖို့ လိုအပ်နေတာ ထင်ရှားပါတယ်။ ဒါပေမယ့် လီဗာပူးက ကာလရှည်စိတ်ဝင်စားခဲ့တဲ့ ဒေါ့မွန်ကွင်းလယ်ကြယ်ပွင့် ဘယ်လင်ဟမ်ကို နွေရာသီမှသာ ခေါ်ယူဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါ့အပြင် ဘရိုက်တန်ကွင်းလယ်လူ ကိုင်စီဒို၊ ဖီအိုရင်တီးနားကွင်းလယ်လူ အမ်မရာဘတ်နဲ့ ဝက်စ်ဟမ်းကြယ်ပွင့် ဒီကလန်ရိုက်တို့ကို စိတ်ဝင်စားနေပေမယ့် အာဂျင်တီးနားဟီးရိုး၊ ဘင်ဖီကာ ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကိုတော့ စိတ်မဝင်စားဘူးလို့ ကလပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

လီဗာပူးက ဒီနေ့ညပိုင်းမှာ ဘရန်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ကစားရဖို့ ရှိနေပါတယ်။

#လီဗာပူး #အပြောင်းအရွှေ့ #ကလော့ပ် #ဂတ်ပို