ရှေ့သို့
Image

​အဲဗာတန်က ခံစစ်ကစားသမားရှစ်ဦး သုံးခဲ့တယ်လို့ စွပ်စွဲလိုက်တဲ့ မန်စီးတီးနည်းပြပက်ဂွါဒီယိုလာ

9:30 PM, 1 January

မနေ့ညပိုင်းပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးနဲ့ အဲဗာတန်တို့ တစ်ဖက်တစ်ဂိုးစီသရေကျပြီးနောက် မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ပြိုင်ဘက်အဲဗာတန်အသင်းရဲ့နည်းစနစ်ပိုင်းအပေါ် ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြဟောင်း ဖရန့်လမ်းပတ်ဦးဆောင်တဲ့ အဲဗာတန်က အခုရာသီမှာ တန်းဆင်းဇုန်အန္တရာယ်ဆက်လက်ကြုံတွေ့နေရပြီး ရုန်းကန်နေရတာပါ။

ဒါပေမယ့် မနေ့ညပိုင်းပွဲစဉ်မှာတော့ အဲဗာတန်က အကောင်းမွန်ဆုံးစွမ်းဆောင်ရည်ထုတ်ပြပြီး မန်စီးတီးကို အိမ်ကွင်းရမှတ်ပြည့်မရအောင် တားဆီးနိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်ရလဒ်ပိုင်းကြောင့် မန်စီးတီးဟာ အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်နဲ့ ရမှတ် ၇ မှတ်အထိ ကွာဟသွားခဲ့ပြီး ပရီးမီးယားလိဂ်အဆင့်-၂ နေရာနဲ့ ၂၀၂၃ ခုနှစ်ဆီ ချဉ်းနင်းဝင်ရောက်သွားခဲ့ပါတယ်။

ဒီပွဲစဉ်အပြီးမှာ ဂွါဒီယိုလာက မန်စီးတီးရဲ့စွမ်းဆောင်ရည်အပေါ် ကာကွယ်ပြောကြားခဲ့ပေမယ့် ပြိုင်ဘက် အဲဗာတန်အသင်းရဲ့ ဒီပွဲစဉ်အပေါ်ချဉ်းကပ်ခဲ့တဲ့ နည်းဗျူဟာပိုင်းကိုတော့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

ပွဲစဉ်အပြီး BBC သတင်းဌာနနဲ့တွေ့ဆုံချိန် ဂွါဒီယိုလာက "အိမ်ကွင်းပွဲစဉ်မှာ အမှတ်ပြည့်မရတာ လက်ခံပေးဖို့ အမြဲတမ်းခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အသင်းရဲ့ကစားပုံကောင်းမွန်အောင် အမြဲကြိုးစားနေပြီး ဒီအတိုင်းပဲ ဆက်လက်လုပ်ဆောင်နေပါတယ်။

ပြိုင်ဘက်အဲဗာတန်အသင်းက နောက်တန်းမှာ ကစားသမားရှစ်ဦးလောက် သုံးခဲ့တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ဒီလိုအခြေအနေမှာပဲ မှန်ကန်တဲ့အခိုက်အတန့်တွေမှာ တိုက်စစ်ဆင်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

သာမန်အားဖြင့်တော့ ကျွန်တော်တို့ အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ ပြိုင်ဘက်ကို ခံစစ်တိုက်စစ်ကူးပြောင်းဖို့ အခွင့်အရေးတွေ မပေးခဲ့ပါဘူး။ ပြိုင်ဘက်အသင်းက ကောင်းမွန်တဲ့ သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့ပြီး ခင်ဗျားတို့အနေနဲ့ ဒီအပေါ်မှာ ဂုဏ်ပြုပေးရပါမယ်။ ဒါပေမယ့် ယေဘုယျအားဖြင့်  ကျွန်တော်တို့အသင်းက အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်"လို့  ပြောပါတယ်။

အမှတ်ပေးဖလားပြိုင်ပွဲပြီးဆုံးဖို့ အတော်လေးဝေးကွာနေသေးပေမယ့် မန်စီးတီးကတော့ လိဂ်ထိပ်သီးပြိုင်ဘက် နယူးကာဆယ်၊ တော့တင်ဟမ်၊ မန်ချက်စတာယူနိုက်တက်တို့နဲ့ရင်ဆိုင်ရမယ့် အာဆင်နယ်အသင်းရဲ့ ဇန်နဝါရီလပွဲစဉ်တွေမှာ ရမှတ်တွေလျော့ကျသွားဖို့ မျှော်လင့်နေပါလိမ့်မယ်။

ဒါ့အပြင် မန်စီးတီးနဲ့ အာဆင်နယ်တို့ဟာ အခုရာသီမှာ ပရီးမီးယားလိဂ်အိမ်ကွင်း၊ အဝေးကွင်း ပွဲစဉ်တွေ ကစားရဖို့ ကျန်ရှိနေပါသေးတယ်။


#မန်စီးတီး #အဲဗာတန် #ဂွါဒီယိုလာ