ရှေ့သို့
Image

ယူနိုက်တက်ကနေထွက်ခွာတုန်းက ရီးရဲလ်မက်ဒရစ်ရဲ့ ခေါ်ယူမှုကို စောင့်ဆိုင်းနေခဲ့တဲ့ ရော်နယ်ဒို

1:55 PM, 1 January

ဆော်ဒီကလပ် အယ်လ်နက်ဆာနှင့် ကြီးမားတဲ့စာချုပ်မချုပ်ဆိုမီ ရီးရဲလ်မက်ဒရစ်ရဲ့ခေါ်ယူမှုကို ရော်နယ်ဒိုက စောင့်ဆိုင်းခဲ့သော်လည်း ဖြစ်လာခဲ့ခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့လတုန်းက ယူနိုက်တက်နှင့် နှစ်ဦးသဘောတူလမ်းခွဲခဲ့ပြီးနောက် Free Agent ဖြစ်နေတဲ့ အသက် ၃၇နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှုးဟာ တစ်နှစ်လုပ်ခ ပေါင် ၁၇၅ သန်းဖြင့် စာချုပ်အသစ်ကို ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

ကမ္ဘာ့ဖလားတွင် ပေါ်တူဂီအသင်းရဲ့ မော်ရိုကိုအား ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေထွက်ခဲ့ရပြီးနောက် သူ့ရဲ့လေ့ကျင့်မှုတွေကို ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ဗယ်ဒီဘီဘက်စ်လေ့ကျင့်ရေးကွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အနေနဲ့ သူ့ကို ဒုတိယအကြိမ်ခေါ်ယူပေးဖို့ ရော်နယ်ဒိုက မျှော်လင့်ခဲ့ပါသေးတယ်လို စပိန်သတင်းစာဖြစ်တဲ့ Marca က ဖော်ပြထားပါတယ်။

ရော်နယ်ဒိုဟာ ဘာနေဗျူးက ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ရီးရဲလ်အတွက် ၉ ရာသီကြာကစားပေးခဲ့ပြီး ချန်ပီယံလိဂ်ဆုဖလား ၄ ကြိမ်ရရှိခဲ့ကာ ပွဲပေါင်း ၄၃၈ ပွဲတွင် ဂိုးပေါင်း ၄၅၀ အထိ သွင်းယူပေးခဲ့သူဖြစ်ပါတယ်။

သို့သော်လည်း ရီးရဲလ်မက်ဒရစ်ကတော့ သူ့ကိုပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားခြင်းမရှိခဲ့တာကြောင့် ကစားသမားဟာ အယ်လ်နက်ဆာသို့သာပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့အသက်အရွယ်၊ လစာတောင်းဆိုမှု၊ အိုးထရက်ဖို့ဒ်ကနေထွက်ခဲ့တဲ့ အကြောင်းအချက်တွေကြောင့် ချန်ပီယံလိဂ်ထိပ်တန်းကလပ်တစ်ခုအနေနဲ့ သူ့ကိုခေါ်ယူဖို့က အတားအဆီးဖြစ်နေမယ်ဆိုတာ နောက်ဆုံးမှာတော့ ရော်နယ်ဒိုက နားလည်လာခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြီးနောက် မန်ချက်စတာသို့ ပြန်သွားခြင်းမရှိဘဲ မက်ဒရစ်သို့သာသွားခဲ့ကာ အသင်းဥက္ကဌ ပီရက်ဇ်ထံကနေ ခွင့်ပြုချက်တောင်းယူကာ ရီးရဲလ်မက်ဒရစ်ရဲ့လေ့ကျင့်ရေးကွင်းမှာ တစ်ဦးတည်းလေ့ကျင့်ခန်းတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

"ရတာပေါ့၊ ဒါဟာ မင်းရဲ့အိမ်ပဲ" လို့ ပီရက်ဇ်က ပြောကာ ပေါ်တူဂီစတားကို ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရော်နယ်ဒိုဟာ ယူနိုက်တက်နှင့် နည်းပြတန်ဟက်တို့ကို ဝေဖန်ခဲ့တာဖြစ်ပြီး အဲ့ဒီနောက် အသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့တာဖြစ်ပါတယ်။

ဖြစ်နိုင်သလောက် ချန်ပီယံလိဂ်မှာ ကစားချင်ပါသေးတယ်လို့ အရင်က ရော်နယ်ဒိုက ပြောကြားခဲ့သော်လည်း ယူနိုက်တက်ကနေထွက်ခွာခဲ့ပြီးနောက် ဒါဟာ မဖြစ်နိုင်တော့ဘူးဆိုတာကို ကစားသမားအနေနဲ့ နားလည်ခဲ့ပါတယ်လို့ Marca က ဖော်ပြထားပါတယ်။

အိုးထရက်ဖို့ဒ်ကနေထွက်ခွာကာ ဆော်ဒီသို့ ပြောင်းရွှေ့ခဲ့ခြင်းက ရော်နယ်ဒိုရဲ့ နောက်ထပ်ပန်းတိုင်တစ်ခုဖြစ်ခဲ့ပြီး ကလပ်ရဲ့ဥက္ကဌဖြစ်သူနဲ့ ဆွေးနွေးခဲ့ပြီးနောက် အယ်လ်နက်ဆာနှင့် တစ်နှစ်လုပ်ခ ပေါင် ၁၇၅ သန်း တန်ကြေးရှိ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဆွေးနွေးမှုးဟာ ပြီးခဲ့တဲ့ရက်များအတွင်း ရော်နယ်ဒိုနေထိုင်နေပြီး လေ့ကျင့်မှုတွေပြုလုပ်နေတဲ့ မက်ဒရစ်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီနိုင်ငံသားရဲ့ အယ်လ်နာဆာသို့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုကလည်း ကမ္ဘာ့ဖလားကစားနေစဉ်အတွင်း ဖြစ်တယ်လို့ သတင်းတွေက ပြောဆိုနေကြပါတယ်။

အဲ့ဒီတုန်းကတော့ သူဟာကမ္ဘာ့ဖလားအတွက်ကိုသာ အာရုံစိုက်ထားပြီး ပေါ်တူဂီနဲ့အတူ နိုင်ပွဲတွေရရှိဖို့ ကြိုးစားနေတာဖြစ်ကြောင်း ရော်နယ်ဒိုက ပြောဆိုခဲ့သော်လည်း တိုက်စစ်မှုးအနေနဲ့ နောက်ကွယ်က သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့နဲ အယ်လ်နက်ဆာတို့ရဲ့ ဆွေးနွေးမှုတွေကို အပြည့်အဝသိရှိနေပါတယ်လို့ Marca ကဖော်ပြထားပါတယ်။

အယ်လ်နက်ဆာနှင့် ဆွေးနွေးမှုတွင် ရော်နယ်ဒိုရဲ့အေးဂျင့်အဖြစ် ကာလရှည်လုပ်ကိုင်ပေးခဲ့တဲ့ မန်ဒက်စ်က ပါဝင်ခဲ့ခြင်းမရှိဘဲ သီးသန့်မန်နေဂျာဖြစ်တဲ့ ရစ်ကီရီဂူဖီကသာ အဆိုပါဆွေးနွေးမှုကို အပြီးသတ်လုပ်ဆောင်ပေးသွားတာဖြစ်ပါတယ်လို့ Marca က ဖော်ပြထားပါတယ်။

#ရီးရဲလ်မက်ဒရစ် #ရော်နယ်ဒို #တန်ဟတ် အယ်လ်နက်ဆာ