ရှေ့သို့
Image

လာမယ့်ဆောင်းရာသီမှာ အာဆင်နယ်က မီလင်ကိုဗစ်ဆာဗစ်ကို ခေါ်ယူနိုင်မှာမဟုတ်ဘူးလို့ရှင်းပြလိုက်တဲ့ ရိုမာနို

4:58 PM, 30 December

နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုက သူ့ရဲ့သတင်းရင်းမြစ်တွေနဲ့ စကားပြောပြီးနောက် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ အာဆင်နယ်အနေနဲ့ ဆားဘီးယား လက်ရွေးစင် မီလင်ကိုဗစ်ဆာဗစ်ကို ခေါ်ယူနိုင်ဖွယ်မရှိဘူးလို့ ရှင်းပြခဲ့ပါတယ်။

ဆားဘီးယားလက်ရွေးစင်ကွင်းလယ်လူက နောက်ပိုင်းနှစ်တွေမှာ လာဇီယိုနဲ့အတူ အီတလီမြေမှာ တောက်ပခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်မှာ သူ့ရဲ့စာချုပ်သက်တမ်းကုန်ဆုံးဖွယ် ရှိနေတာပါ။ ဒါကြောင့်ပဲ သူ့ရဲ့အနာဂတ်ဟာ မရေရာမှုတွေရှိလာခဲ့ပြီး အာဆင်နယ်ကလည်း သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ပြောဆိုမှုတွေ ရှိလာခဲ့ပါတယ်။

အာဆင်နယ်က ရှက်တာဒိုးနက်တောင်ပံလူ မူဒရက်ခ်ကို ခေါ်ယူဖို့ အာရုံစိုက်နေတယ်လို့ ယူဆရပေမယ့် နောက်လမှာ မီလင်ကိုဗစ်ဆာဗစ်ကို ဂန်းနားတို့ ခေါ်ယူတော့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုကတော့ ဒီလိုဖြစ်လာဖို့ အရမ်းခဲယဉ်းတယ်လို့ ယုံကြည်နေပါတယ်။

The House of  Champions YouTube Channel နဲ့တွေ့ဆုံချိန် ရိုမာနိုက “မီလန်ကိုဗစ်ဆာဗစ်ကို ဇန်နဝါရီမှာ ခေါ်ယူဖို့ဆိုတာက လွယ်ကူတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကျွန်တော်နဲ့ ကျွန်တော်ရဲ့ လာဇီယိုသတင်းရင်းမြစ်တွေနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ သူတို့ကတော့ ကစားသမားဟာ အခုရာသီကုန်အထိ အသင်းနဲ့အတူ ဆက်ရှိနေမယ်လို့ ရာနှုန်းပြည့် ယုံကြည်နေပါတယ်။ သူ့ရဲ့စာချုပ်သက်တမ်းက ၂၀၂၄ ခုနှစ်မှာ သက်တမ်းကုန်ဆုံးဖို့ရှိနေပြီး ဒါကြောင့်ပဲ မီလင်ကိုဗစ်ဆာဗစ်နဲ့ ပတ်သက်တဲ့ ကောလာဟလတွေ အများကြီး ထွက်ပေါ်နေတာဖြစ်ပါတယ်။ လာဇီယိုကလည်း သူနဲ့ စာချုပ်သက်တမ်းတိုးမြှင့်လိုသလို ဆွေးနွေးဖို့လည်း ကြိုးစားပါလိမ့်မယ်။ ဒါပေမယ့် လာဇီယိုရဲ့မျှော်လင့်ချက်က ကစားသမားအနေနဲ့ ဇန်နဝါရီမှာ ဆက်ရှိနေဖို့ပဲ ဖြစ်ပါတယ်။ သူ့အတွက် အာဆင်နယ်(သို့မဟုတ်) အခြားအသင်းတစ်ခုခုဆီက ချဉ်းကပ်လာတာမျိုး၊ ကမ်းလှမ်းလာတာမျိုး မရှိသေးပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။

အာတီတာရဲ့အသင်းက အဓိကတိုက်စစ်မှူး ဂျီးဆပ်စ် ဒဏ်ရာပြဿနာကြုံတွေ့နေရတာကြောင့် တိုက်စစ်မှူးတစ်ဦး (သို့မဟုတ်) တိုက်စစ်အားသန်ကွင်းလယ်လူတစ်ဦး ရှာဖွေရမယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

#အာဆင်နယ် #အပြောင်းအရွှေ့ #ရိုမာနို #မီလင်ကိုဗစ်ဆာဗစ်