ရှေ့သို့
Image

ရီးရဲလ်ကို ရွေးချယ်ခဲ့တာက ရော်နယ်ဒိုနဲ့ ဗင်နီစီးယက်စ်တို့ကြောင့်လို့ အန်းဒရစ်ခ် ပြောကြား

11:52 AM, 30 December

ရီးရဲလ်အသင်းကစားသမားသစ် အန်းဒရစ်ခ်က စပိန်ကလပ်ကိုရွေးချယ်တာက ဗင်နီစီးယက်စ်နဲ့ ရော်နယ်ဒိုကြောင့်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပါးလ်မီးယက်စ်တိုက်စစ်မှူးဟောင်းဟာ  ရီးရဲလ်အသင်းထံ ပေါင် ၅၂ သန်း နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဆယ်ကျော်သက်ကစားသမားကို ဘာစီလိုနာ၊ ပီအက်စ်ဂျီနဲ့ ချဲလ်ဆီးတို့အပြင် ဥရောပအသင်းကြီးတော်တော်များများက စိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် သူက ရီးရဲလ်ကို ရွေးချယ်တာက ရော်နယ်ဒိုနဲ့ ဗင်နီစီးယက်စ်တို့ခြေရာကို လိုက်နင်းဖို့ အလိုရှိတာကြောင့် ရွေးချယ်ခဲ့တာဖြစ်တယ်လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ရီးရဲလ်က ကြီးမားတဲ့အသင်းပါ။ ဗင်နီက ကျွန်တော့်ကို မက်ဆေ့ချ်ပေးပို့ခဲ့ပါတယ်။ ရော်နယ်ဒိုက ကျွန်တော့်အိုင်ဒေါပါ။ သူ ရီးရဲလ်အသင်းအတွက်ကစားခဲ့သလို အဲ့တာကြောင့်လည်း ရွေးချယ်ခဲ့တာပါ။ ဘုရားသခင်က ကျွန်တော်နဲ့အတူ ရှိနေတယ်လို့ ထင်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို အကောင်းဆုံးလမ်းကြောင်းပေါ်ပို့ပေးနိုင်ခဲ့ပါတယ်”လို့ အန်းဒရစ်ခ်က ပြောကြားခဲ့ပါတယ်။

အန်းဒရစ်ခ်က ရီးရဲလ်နည်းပြ အန်ဆယ်လော့တီနဲ့စကားပြောခဲ့ပြီးဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့သလို အနာဂတ်မှာ အသင်းနဲ့အတူ ဆုဖလားတွေအများကြီးရယူနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

“ကျွန်တော် အန်ဆယ်လော့တီ၊ ရိုဒရီဂို ၊ မီလီတာအိုအပြင် ဘရာဇီးသားတွေနဲ့ စကားပြောဖြစ်ပါတယ်။ အခုတော့ ကျွန်တော် ပါးလ်မီးယက်စ်နဲ့အတူ ရှိနေပေမယ့် အသင်းကို အများကြီးအကျိုးပြုမှာပါ။ ကျွန်တော့်သူငယ်ချင်း ဗင်နီတစ်ယောက် ကောင်းမွန်တဲ့ ရာသီတစ်ခုဖြစ်ပါစေလို့ မျှော်လင့်ပါတယ်”လို့ အန်းဒရစ်ခ်က ပြောကြားခဲ့ပါတယ်။

အန်းဒရစ်ခ်ဟာ ၂၀၂၄ မှာ အသက် ၁၈ ဖြစ်မှာဖြစ်ပြီး စာချုပ်သက်တမ်းက ၂၀၂၇ အထိချုပ်ဆိုခဲ့သလို ၂၀၃၀ အထိ စာချုပ်သက်တမ်းတိုးနိုင်တာဖြစ်ပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #ရော်နယ်ဒို #ဗင်နီစီးယက်စ် အန်းဒရစ်ခ်