ရှေ့သို့
Image

ပီလီက ဘောလုံးအားကစားကို အနုပညာတစ်ရပ်အဖြစ် ပြောင်းလဲပေးခဲ့တယ်လို့ ချီးကျူး ဂုဏ်ပြုခဲ့တဲ့ နေမာ

9:19 AM, 30 December

မကြာသေးခင်လပိုင်းတွေအတွင်း အူမကြီးကင်ဆာရောဂါ ခံစားနေခဲ့ရတဲ့ အသက် ၈၂ နှစ်အရွယ် ပီလီဟာ မနေ့(ကြာသပတေးနေ့)၊ ဆော်ပေါ်လိုမြို့ရှိ Albert Einstein ဆေးရုံမှာ ကွယ်လွန်အနိစ္စရောက်ရှိခဲ့ပါတယ်။

ဆန်းတို့စ်တိုက်စစ်မှူးဟောင်း ပီလီဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို သုံးကြိမ်တိုင်ဆွတ်ခူးနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ် ယနေ့တိုင် စံချိန်တင်ထားဆဲဖြစ်ပြီး ဘောလုံးလောကရဲ့ ဂန္တဝင်ကစားသမားတွေအနက် တစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။ တောင်အမေရိကတိုက်မှ အခုနာရေးသတင်း ထွက်ပေါ်လာပြီးနောက် ကမ္ဘာအနှံ့မှာရှိတဲ့ ဘောလုံးကြယ်ပွင့်ဟောင်းတွေနဲ့ လက်ရှိဘောလုံးကြယ်ပွင့်တွေဆီက ချီးကျူးဂုဏ်ပြုသံတွေကို ကြားသိခဲ့ရပါတယ်။

ဒီလူတွေထဲမှာ ပီလီနဲ့အတူကျော်ကြားခဲ့တဲ့ ဘရာဇီးအသင်း ကျောနံပါတ်-၁၀ ဂျာစီကို ဝတ်ဆင်နေသူ၊ ဘရာဇီး လက်ရွေးစင်တိုက်စစ်မှူး နေမာက ဆန်းတို့စ်တိုက်စစ်မှူးဟောင်းရဲ့ ဘောလုံးလောကအပေါ် အကျိုးသက်ရောက်ခဲ့ပုံကို အကျဉ်းရုံးဖော်ပြကာ ဂုဏ်ပြုနှုတ်ဆက်စကား ပေးပို့ခဲ့ပါတယ်။

Instagram လူမှုကွန်ရက်မှတဆင့် နေမာက “ပီလီမတိုင်ခင်က ဘရာဇီးကျောနံပါတ်-၁၀ ဆိုတာ ကိန်းဂဏန်းတစ်ခုသာသာပါပဲ။ ကျွန်တော့်အနေနဲ့ ဒီလိုစကားမျိုးကို အမြဲတမ်းဖတ်မှတ်ကြားသိခဲ့ဖူးပါတယ်။ ဒီစကားက လှပပေမယ့် မပြည့်စုံသေးပါဘူး။ တကယ်တော့ ပီလီမတိုင်ခင်က ဘောလုံးဆိုတာ အားကစားတစ်ခုပဲ ဖြစ်ခဲ့တယ်လို့ ပြောရမယ်။ ပီလီက ဘောလုံးကို အနုပညာတစ်ခု၊ ဖျော်ဖြေမှုတစ်ခုအဖြစ် ပြောင်းလဲပေးခဲ့သူပါ။ သူက ဆင်းရဲသားလူမည်းတွေကို အားပေးစကားတွေ ပေးခဲ့ပါတယ်။ အထူးသဖြင့် ကမ္ဘာမှာ ဘရာဇီးနိုင်ငံကို လူသိများအောင် လုပ်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ ဘောလုံးလောကနဲ့ ဘရာဇီးက ဘုရင်ကြီးပီလီကို အမြဲတမ်းကျေးဇူးတင်နေမှာပါ။ ပီလီ ထွက်ခွာသွားပြီဆိုပေမယ့် သူ့ရဲ့မှော်ပညာတွေက ကျန်ရှိနေဆဲပါပဲ။ ထာဝရအတွက် ပီလီပါ”လို့ ရေးသားခဲ့ပါတယ်။

နေမာက ပီလီလိုပဲ သူ့ရဲ့ကစားသမားဘဝကို ဆန်းတို့စ်အသင်းနဲ့ စတင်ခဲ့ပြီး ဒီကစားသမားနှစ်ဦးလုံးက ဆော်ပေါ်လိုအသင်းနဲ့ အတူ ကိုပါလစ်ဘာတေးဒိုးစ်ဖလား(တောင်အမေရိကချန်ပီယံလိဂ်ဖလား)ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပီလီရဲ့နောက်ဆုံး နေဝင်ချိန်အပေါ် ဘရာဇီးဂန္တဝင်ကာဖူးကလည်း “ ပီလီ မသေဆုံးပါဘူး။ ပီလီဟာ ထာဝရရှင်သန်နေတဲ့ ဘုရင်တစ်ပါးဖြစ်ပြီး ပြိုင်ဘက်ကင်းသူ တစ်ဦးပါ။ ငြိမ်းချမ်းစွာ အနားယူပါ အစ်ကိုကြီးရေ” လို့ နှုတ်ဆက်ခဲ့ပါတယ်။

#ပီလီ #ဘရာဇီး #နေမာ