ရှေ့သို့
Image

လီဗာပူးဆီ ပြောင်းရွှေ့ဖြစ်ခဲ့တဲ့ အကြောင်းရင်းကို ထုတ်ပြောလာတဲ့ ဂတ်ပို

10:35 AM, 29 December

လီဗာပူးဆီ လက်ငင်းပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်းနဲ့ ရောက်ရှိလာတဲ့ ပီအက်စ်ဗွီ တိုက်စစ်မှူးဟောင်း ဂတ်ပိုက သူ့ရဲ့အနာဂတ် အလားအလာတွေကို ဖြည့်ဆည်းဖို့ အကောင်းဆုံးအသင်းဖြစ်တာကြောင့် အန်ဖီးလ်ကလပ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ပြောလိုက်ပါတယ်။

အိုးထရက်ဖို့ဒ်မှာ နည်းပြတန်ဟက် တာဝန်ယူပြီးနောက်ပိုင်း အသက်-၂၃ နှစ်အရွယ် တိုက်စစ်မှူးက မန်ချက်စတာယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ပြီးခဲ့တဲ့နွေရာသီအတွင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိမှာတော့ နယ်သာလန်စတားကို လီဗာပူးက အရခေါ်ယူနိုင်ခဲ့ပါတယ်။

လီဗာပူးဝက်ဘ်ဆိုဒ်နဲ့ တွေ့ဆုံချိန် ဂတ်ပိုက “ ကျွန်တော့်အနေနဲ့ အရမ်းကောင်းမွန်တယ်လို့ ခံစားမိသလို ဒီမှာရှိနေရလို့ အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ ဒီကလပ်အသင်းနဲ့အတူ လေ့ကျင့်ပြင်ဆင်ရဖို့၊ ဒီကလပ်အသင်း အတွက် ပွဲထွက် ပါဝင်ကစားခွင့်ရဖို့ ကျွန်တော် စောင့်မျှော်နေပါတယ်။ ကျွန်တော့်အတွက် ဒီကလပ်အသင်းက ကြီးကျယ်ခမ်းနားတဲ့ ကလပ်အသင်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်း ဒီအသင်း ရရှိခဲ့တဲ့ လှပတဲ့အခိုက်အတန့်တွေဆီ ပြန်သွားနိုင်ဖို့နဲ့ ကျွန်တော် ဘာလုပ်နိုင်သလဲဆိုတာ ပြသနိုင်ရေး ကြိုးစားသွားရမယ်လို့ ယူဆမိပါတယ်။ ကျွန်တော့်ရဲ့ပုဂ္ဂလိကအမြင်အရ ဒီအသင်းက ကျွန်တော့်အတွက် တိုးတက်ဖို့ အကောင်းဆုံးနေရာလို့ ယူဆမိသလို ကျွန်တော့်အတွက် သင်ယူရမယ့် အရာတွေကို သင်ယူခွင့်ရရှိမယ့်နေရာလို့ ထင်မြင်မိပါတယ်”လို့ ပြောပါတယ်။

လီဗာပူးနဲ့ ၅နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့တဲ့ ဂတ်ခ်ပိုက ဇန်နဝါရီအပြောင်းအရွှေ့ရာသီမစတင်မီ လက်စတာနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို ပါဝင်နိုင်ဖို့ မရှိပါဘူး။ ဒါပေမယ့် ဇန်နဝါရီ ၂ ရက်မှာ ကစားမယ့် ဘရန့်ဖို့ဒ်နဲ့ အဝေးကွင်း ပွဲစဉ်ကိုတော့ ပါဝင်ကစားနိုင်ဖွယ်ရှိပါတယ်။ ဂတ်ပိုအတွက် အန်ဖီးလ်ကွင်းပွဲဦးထွက်ပွဲစဉ်ကတော့ လာမယ့်ဇန်နဝါရီ ၇ ရက်၊ ဝုဗ်နဲ့ ရင်ဆိုင်ရမယ့် အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ် ဖြစ်လာနိုင်ပါတယ်။

“အန်ဖီးလ်ကွင်းမှာ ကစားခွင့်ရရှိဖို့ ကျွန်တော် တကယ်ကိုစောင့်ဆိုင်းနေတာပါ။ ဒီကွင်းကြီးအကြောင်း၊ ဒီကွင်းကြီးထဲက အားပေးမှုတွေအကြောင်း ကြီးကျယ်ခမ်းနားတဲ့ သမိုင်းမှတ်တမ်းပုံရိပ်တွေကို ကျွန်တော် ကြားသိခဲ့ရပါတယ်။ ကျွန်တော် လုံးဝကိုမစောင့်နိုင်တော့ပါဘူး။ ကျွန်တော့်ရဲ့ရည်ရွယ်ချက်က တက်နိုင်သမျှ အသင်းနဲ့အတူ ဆုဖလားတွေဆွတ်ခူးနိုင်ဖို့၊ အကောင်းဆုံးလုပ်နိုင်ဖို့နဲ့ ကမ္ဘာကြီးကို ကစားသမားတစ်ဦးအဖြစ်၊ အသင်းတစ်ခုအဖြစ် ဘာတွေလုပ်ပြနိုင်မလဲဆိုတာ ပြသသွားဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော့်တစ်ဦးတည်း ရည်မှန်းချက်ကတော့ တိုးတက်မှုတွေကို ဆက်ထိန်းထားဖို့နဲ့ ရာသီတိုင်းမှာ ပိုကောင်းမွန်တဲ့ ကစားသမားတစ်ဦး ဖြစ်လာဖို့ပါပဲ။ ကျွန်တော့်အပေါ်နွေးနွေးထွေးထွေးထွေး ကြိုဆိုပေးခဲ့တဲ့ လူတိုင်းကို ကျေးဇူးတင်ကြောင်း ပြောဆိုလိုပြီး အန်ဖီးလ်ကွင်းနဲ့ လီဗာပူးမြို့သားတွေကို မြင်ရဖို့ ကျွန်တော် မျှော်လင့်နေပါတယ်”လို့ ဂတ်ပိုက ဆက်ပြောခဲ့ပါတယ်။

ဂတ်ပိုက ကူရစ်၊ မိုရီနို၊ ရီစီတို့ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်-၁၈ ဂျာစီကို ဝတ်ဆင်မှာ ဖြစ်ပါတယ်။

#လီဗာပူး #အပြောင်းအရွှေ့ #ပီအက်စ်ဗွီ #ဂတ်ပို