ရှေ့သို့
Image

ဇန်နဝါရီမှာ ထွက်ခွာနိုင်တဲ့ မန်ချက်စတာယူနိုက်တက် ကြယ်ပွင့် ၅ ဦး

1:10 PM, 26 December

အသင်းကို သွေးသစ်လောင်းဖို့ စီစဉ်နေတဲ့ မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ် အနေနဲ့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ယူနိုက်တက်ကစားသမား ၅ ယောက်လောက်ကို ရှင်းထုတ်သွားဖွယ် ရှိပါတယ်။

လက်ရှိအစမှာ ယူနိုက်တက်ဟာ ဘရိုက်တန်နဲ့ ဘရန့်ဖို့ဒ်တို့ကို ရှုံးနိမ့်ကာ ခက်ခဲတဲ့ရာသီအစ ဖြစ်ခဲ့ပေမယ့် နည်းပြတန်ဟတ်ရဲ့ ကြိုးစားအားထုတ်မှုနဲ့အတူ အသီးအပွင့်အချို့လည်း ပြန်လည် ရရှိခဲ့ပါတယ်။ အခုဆိုရင် ယူနိုက်တက်ဟာ တော့တင်ဟမ်နဲ့အပြိုင် ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာအတွက် ယှဉ်ပြိုင်နေရတာကြောင့် နည်းပြတန်ဟတ်အနေနဲ့ ဇန်နဝါရီမှာ အသင်းကိုပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့စီစဉ်နေပါတယ်။

အိုးလ်ထရက်ဖို့ဒ်ကလပ်ဟာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ထွက်ခွာမှုနဲ့အတူ လာမယ့်လထဲမှာ ကစားသမားသစ်တွေကိုလည်း ခေါ်ယူသွားဖို့လည်း ရှိနေပါတယ်။ ကိုဒီဂက်ပိုနဲ့ မားကပ်စ်သူရမ်တို့အပါအဝင် အသစ်ခေါ်ယူဖို့ စီစဉ်နေတဲ့ ကစားသမားတွေရှိသလို အသင်းကနေ ထွက်ခွာနိုင်တဲ့ ကစားသမားတစ်ချို့လည်း ရှိနေပါတယ်။

အာရွန်ဝမ်ဘစ်ဆာကာ - သူကတော့ ၂၀၁၉ တုန်းက ခရစ္စတယ်ပဲလေ့စ်ကနေ ပေါင် ၄၅ သန်းထိ ပေးပြီး ခေါ်ယူခဲ့ရသူဖြစ် အခုဆိုရင် အသင်းဟောင်းပဲလေ့စ်နဲ့ ဝက်စ်ဟမ်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ အိုးလ်ထရက်ဖို့ဒ်ကို ရောက်ခါစက ပုံမှန်နေရာရခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ရာသီကုန်လောက်က စတင်ပြီး ဒီယိုဂိုဒါလော့ထံ ပွဲထွက်ခွင့်လွဲပြောင်းပေးလိုက်ရပါတယ်။ ဒီရာသီမှာဆိုရင် ၂၅ နှစ်အရွယ် ကစားသမားဟာ ပွဲချိန် ၄ မိနစ်ခန့်သာ ကစားထားရပြီး ဇန်နဝါရီမှာ ထွက်ခွာဖို့များနေပါတယ်။

ဖာကွန်ဒိုပယ်လီစထရီ - ဒီလူငယ်ကစားသမားလေးကတော့ ကမ္ဘာ့ဖလားမှာ ဥရုဂွေးအသင်းရဲ့ ပွဲထွက်ကစားသမားအဖြစ် အံ့အားသင့်ဖွယ် ကစားခွင့်ရခဲ့ပေမယ့် ယူနိုက်တက်မှာတော့ လုံးဝကိုလစ်လျူရှုခံနေရပါတယ်။ အသက်၂၀ အရွယ်သာ ရှိသေးတဲ့ ကစားသမားလေးဟာ ၂၀၂၀ အောက်တိုဘာမှာ ပင်နယ်ရိုးလ်အသင်းကနေ ပေါင် ၉ သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက အသင်းကြီးမှာ ပွဲထွက်ခွင့် လုံးဝမရရှိသေးသူ ဖြစ်ပါတယ်။ အင်္ဂလန်ကိုရောက်လာပြီးနောက် အလာဗက်စ်အသင်းကို ၂ ကြိမ်တိုင်တိုင် အငှားထွက်ကစားခဲ့ရပြီး လာမယ့်ဇန်နဝါရီမှာလည်း ထပ်မံအငှားထွက်ဖွယ် ရှိပါတယ်။

ဒွန်နီဗန်ဒီဘိခ် - သူကတော့ အင်္ဂလန်မှာ လုံးဝကိုခြေစွမ်းမပြနိုင်သူပါ၊ လွန်ခဲ့တဲ့ ၂ နှစ်က ပေါင်သန်း ၄၀ နဲ့ အေဂျက်စ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ အဲဗာတန်ကို အငှားထွက်ကစားရာမှာလည်း အကောင်းဆုံးပုံစံ မရခဲ့သလို၊ တန်ဟတ် ရောက်လာပြီးနောက် ခြေစွမ်းအမှန်ပြန်ရလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ထင်သလိုဖြစ်မလာခဲ့ပဲ အခုချိန်မှာတော့ အရောင်းစာရင်းထဲမှာပါ ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။

တီဒန်မန်ဂီ - ဘာမင်ဂမ်နဲ့ဒါဘီကောင်တီတို့မှာ အငှားကစားပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ တီဒန်မန်ဂီ တစ်ယောက် လာမယ့်ဇန်နဝါရီမှာလည်း ယူနိုက်တက်ကနေ ယာယီထွက်ခွာဖို့ ရှိနေပါတယ်။ ဒီလအစောပိုင်းက ရီးရဲလ်ဘက်တစ်နဲ့ ခြေစမ်းပွဲမှာ ဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာက အချိန်မီသက်သာလာရင်တော့ ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာနိုင်ပါတယ်။

ဒီရှုန်းဘားနက် - ပြီးခဲ့တဲ့ရာသီက ဟူးလ်စီးတီးမှာ အငှားသွားကစားခဲ့ပြီး ခြေစွမ်းလည်းပြသနိုင်ခဲ့သလို ဆဲလ်ဖို့ဒ်စီးတီးမှာလည်း အငှားသွားကစားခဲ့ရပါတယ်။ ၂၀၁၉ တုန်းက စီနီယာပွဲဦးထွက်ကို စတင်ကစားခွင့်ရခဲ့ပေမယ့် ဒီရာသီမှာတော့ ပထမအသင်း ပွဲထွက်ခွင့်ကို လိုအပ်နေတာကြောင့် ချန်ပီယံရှစ် သို့မဟုတ် နိုင်ငံရပ်ခြားမှာ ထွက်ကစားဖို့ ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပယ်လီစထရီ #အပြောင်းအရွှေ့ #ဝမ်ဘစ်ဆာ #တန်ဟတ်