ရှေ့သို့
Image

ဘယ်လင်ဟမ်ရဲ့ ခြေစွမ်းအပေါ် ချီးကျူးခဲ့ပေမယ့် အပြောင်းအရွှေ့အတွက် မှတ်ချက်မပေးတဲ့ ကလော့ပ်

10:39 AM, 26 December

လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က အသင်းရဲ့ အပြောင်းအရွှေ့ပစ်မှတ်ဘယ်လင်ဟမ်ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး အင်္ဂလန်ကြယ်ပွင့်ရဲ့ ကမ္ဘာ့ဖလား စွမ်းဆောင်ရည်က ထူးခြားတယ်လို့ ချီးကျူးခဲ့ပါတယ်။

GOAL.comရဲ့သတင်းအချက်အလက်များအရ ဒေါ့မွန်ကြယ်ပွင့်ကို ခေါ်ယူဖို့ လီဗာပူးက စိတ်အားထက်သန်မှု အပြည့်ရှိနေပေမယ့် ဒီပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်၊ မန်စီးတီးတို့နဲ့ အပြင်းအထန်ပြိုင်ဆိုင်ရဖို့ ရှိတယ်လို့ သိရပါတယ်။

ယာဂန်ကလော့ပ်က “ဘယ်လင်ဟမ်လို ကစားသမားအကြောင်း ပြောတဲ့အချိန်တိုင်းမှာ ပြောင်းရွှေ့ကြေး အကြောင်း အမြဲတမ်းထည့်ပြောရတာကို ကျွန်တော်မကြိုက်ပါဘူး။ သူက ထူးခြားတဲ့ ကစားသမားဆိုတာ လူတိုင်းလက်ခံလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘောလုံးအကြောင်း သိပ်မသိတဲ့သူ(သို့မဟုတ်) ဘောလုံးပွဲ သိပ်မကြည့်ဖြစ်တဲ့သူကို ‘ဘယ်လင်ဟမ် အသက်ဘယ်လောက်ရှိပြီလဲ’လို့ သွားမေးကြည့်တာမျိုး စိတ်ကူးကြည့်မိတယ်။ ဘယ်သူကမှ နီးစပ်အောင် ဖြေနိုင်မှာ မဟုတ်ဘူး။ သူတို့က ဘယ်လင်ဟမ်က အရွယ်ရောက်ပြီးသူဖြစ်လို့ ၂၈ နှစ် သို့မဟုတ် ၂၉ နှစ်လောက်”လို့ ဖြေပါလိမ့်မယ်။

“သူက ထူးခြားတဲ့ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုကို ကစားခဲ့တာပါ။ ထူးထူးခြားခြားပါပဲ။ သူက အချို့အရာတွေမှာ အတော်လေးကောင်းမွန်ပေမယ့် အချို့အရာတွေမှာတော့ တိုးတက်ဖို့ အများကြီးလိုအပ်ပါသေးတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ သူ့အကြောင်း ဖော်ညွှန်းရမယ်ဆိုရင်တော့ သူလုပ်ပြခဲ့တဲ့အရာတွေက သင်ယူဖို့ ခက်ခဲတဲ့ အရာတွေဖြစ်တယ်လို့ ပြောရပါလိမ့်မယ်။ ဒါကြောင့် ဘယ်လင်ဟမ်အနေနဲ့ တိုးတက်ဖို့ ကျန်နေသေးတဲ့ အရာတွေက သင်ယူဖို့လွယ်ကူတဲ့ အရာတွေ ဖြစ်ပါတယ်။ အဲ့ဒီလိုအရာတွေက သူ့ကို ကစားသမားကောင်းတစ်ဦး ဖြစ်လာစေပါမယ်”

ကျွန်တော့် အနေနဲ့ “အသစ်အဆန်းတွေပြောဖို့ မရှိပါဘူး။ ဒေါ့မွန်မှာ သူကျော်ဖြတ်လာခဲ့တာ နှစ်နှစ်၊သုံးနှစ်လောက်ရှိပြီလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ကမ္ဘာ့ဖလားစွမ်းဆောင်ရည်က အနာဂတ်ပြောင်းရွှေ့ကြေးအပေါ် သက်ရောက်မှု ရှိစေမလားဆိုတာ ကျွန်တော်လည်း မသိဘူး။ ကျွန်တော်တွေးမိတာလေးတစ်ခုကတော့ ခင်ဗျားတို့ အင်္ဂလိပ်လူမျိုး တစ်ယောက်ရဲ့အမြင်ကနေ သူ့အတွက် ပြောင်းရွှေ့ကြေးတွေ၊ သူ့ရဲ့လမ်းကြောင်းမှာ အနှောင့်အယှက်ဖြစ်စေမယ့် အရာတွေကို မပြောဖို့၊ မလုပ်ဖို့ လိုတယ်ဆိုတာပါပဲ။ ဒါဆိုရင်တော့ ဘယ်လင်ဟမ်က ဘယ်အသင်းပဲ ရောက်ရှိသွားပါစေ၊ အေးအေးဆေးဆေးဖြစ်သွားပါလိမ့်မယ်”လို့ ပြောဆိုခဲ့ပါတယ်။

ယာဂန်ကလော့ပ်ရဲ့ လီဗာပူးအသင်းက Boxing Day ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဒီနေ့ညပိုင်း၊ ဗီလာပတ်ခ်မှာ အက်စတွန်ဗီလာနဲ့ ယှဉ်ပြိုင်ကစားရပါတယ်။

#လီဗာပူး #အင်္ဂလန် #အပြောင်းအရွှေ့ #ကလော့ပ် #ဘယ်လင်ဂမ်