ရှေ့သို့
Image

ကမ္ဘာ့ဖလားမရလည်း မက်ဆီကသာ GOATပါဆိုပြီး ပြောလိုက်တဲ့ အင်နီယေစတာ

9:12 AM, 25 December

စပိန်ဂန္တဝင် အန်ဒရက်စ်အင်နီယေစတာက ကမ္ဘာ့ဖလားမရရင်လည်း လီယွန်နယ်မက်ဆီကသာ GOATဖြစ်ပြီး ကာတာကမ္ဘာ့ဖလားနဲ့လည်း ထိုက်တန်ကြောင်းပြောခဲ့ပါတယ်။

ပြင်သစ်ကို အနိုင်ယူကာ အာဂျင်တီးနားအသင်းက ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာခဲ့ပြီးနောက် မက်ဆီရဲ့ ကစားသမားဘဝကလည်း ပြီးပြည့်စုံသွားခဲ့ပါတယ်။ 

၃၅နှစ်သားဟာ အာဂျင်တီးနားကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ကာ ခြေစွမ်းပြခဲ့သလို အကောင်းဆုံး ကစားသမားဆုကိုလည်း နှစ်ကြိမ်ရရှိကာ စံချိန်တင်ခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေ၊ ဘောလုံးသုံးသပ်သူတွေ၊ ကစားသမားတွေက မက်ဆီကို ချီးကျူးဂုဏ်ပြုနေကြချိန် အင်နီယေစတာကလည်း ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

အင်နီယေစတာက “ကျွန်တော့်အတွက်တော့ မက်ဆီက အကောင်းဆုံးကစားသမားဖြစ်စေဖို့ ကမ္ဘာ့ဖလားရဖို့တောင် မလိုပါဘူး။ ကမ္ဘာ့ဖလားမရရင်လည်း သူကသာ အကောင်းဆုံးပါ”

“သူ ကမ္ဘာ့ဖလားမရနိုင်ဘူးဆိုပြီး ဆင်ခြေကြိုရှာထားကြတဲ့သူတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီဆုဖလားက သူ့အတွက်ရော အာဂျင်တီးနားအတွက်ပါ လုံးဝထိုက်တန်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”

“သူက သူ့ကိုယ်သူပြိုင်ဆိုင်ခဲ့တာပါ။ ပထမပွဲကို ရှုံးပြီးချိန် သူ့မှာ ကြီးမားတဲ့ ဖိအားတွေရှိနေမှာပါ။ အဲ့ဒီဖိအားတွေကို ကျော်ဖြတ်ပြီး ခုလိုဆုဖလားရခဲ့လို့ သူက ဒီဆုနဲ့ လုံးဝထိုက်တန်ပါတယ်”လို့ ပြောခဲ့ပါတယ်။

အင်နီယေစတာနဲ့ မက်ဆီတို့ဟာ ဘာစီလိုနာမှာ တွဲဖက်ကစားရင်း သူမတူတဲ့ စံချိန်ကောင်းတွေနဲ့အတူ ဆုဖလားပေါင်းများစွာ ဆွတ်ခူးခဲ့ဖူးပါတယ်။

#အာဂျင်တီးနား #မက်ဆီ #အင်နီယေစတာ #၂၀၂၂ကမ္ဘာ့ဖလား