ရှေ့သို့
Image

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအကောင်းဆုံးသွင်းဂိုးအဖြစ် ရစ်ချာလီဆန်ရဲ့သွင်းဂိုး ရွေးချယ်ခံရ

3:34 PM, 24 December

ဘရာဇီးနဲ့ ဆားဘီးယားတို့ရဲ့ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ ရစ်ချာလီဆန်ရဲ့ အံ့ဖွယ်ဘိုင်စကယ်ကစ်သွင်းဂိုးကို ပရိသတ်တွေက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအကောင်းဆုံးသွင်းဂိုးအဖြစ် မဲပေးရွေးချယ်ခဲ့ပါတယ်။


ဘရာဇီးက ဆားဘီးယားကို နှစ်ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ရစ်ချာလီဆန်က ဒုတိယမြောက်သွင်းဂိုးကို ပွဲချိန် ၇၃ မိနစ်မှာ သွင်းယူပေးခဲ့တာပါ။ ဒီပွဲစဉ်ရဲ့ အစောပိုင်းမှာ သွင်းဂိုးတစ်ဂိုးရယူထားနိုင်တဲ့ ရစ်ချာလီဆန်က သူ့ရဲ့ဒုတိယမြောက်သွင်းဂိုးကို အခုလိုပဲ လှလှပပသွင်းယူခဲ့ပါတယ်။ ဖီဖာရဲ့ထုတ်ပြန်ချက်အရ ဒီသွင်းဂိုးကို ၂၀၂၂ ကမ္ဘာ့ဖလားရဲ့အကောင်းဆုံးသွင်းဂိုးအဖြစ် ပရိသတ်တွေက မဲပေးရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။


ဘရာဇီးအသင်းရဲ့ ဘယ်ခြမ်းမှတဆင့် ဆားဘီးယားအသင်းရဲ့ခံစစ်ကို ဗင်နီးစီးယက်စ်က ထိုးဖောက်ဖန်တီးပေးခဲ့ရာ တော့တင်ဟမ်တိုက်စစ်မှူးက ပထမဘောလုံးထိချက်နဲ့ ဘောလုံးကိုမြှောက်တင်ပြီး ခန္ဓာကိုယ်ကိုတစ်ပတ်လှည့်ကာ အခုသွင်းဂိုးကို သွင်းယူခဲ့ပါတယ်။ ဒီကန်သွင်းမှုကို ဆားဘီးယားနောက်ခံလူ ဗယ်လ်ကိုဗစ်နဲ့ ဂိုးသမား မီလင်ကိုဗစ်တို့ တားဆီးဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။


ဒါပေမယ့် ဘရာဇီးလက်ရွေးစင်အသင်းရဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခရီးစဉ်က ဝေဖန်သံတွေနဲ့အတူ အဆုံးသတ်ခဲ့ရပါတယ်။ ပြိုင်ပွဲမတိုင်ခင် ဗိုလ်စွဲဖို့ရေပန်းအစားဆုံးဖြစ်ခဲ့တဲ့ ဘရာဇီးအသင်းက ကွာတားဖိုင်နယ်အဆင့်မှာ ပြိုင်ဘက်ခရိုအေးရှားကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပါတယ်။


#ဘရာဇီး #ရစ်ချာလီဆန် #၂၀၂၂ကမ္ဘာ့ဖလား