ရှေ့သို့
Image

ဘရာဇီးလက်ရွေးစင်အသင်းနည်းပြရာထူးအတွက် မော်ရင်ဟိုကို လျာထားတယ်လို့ သတင်းထွက်နေ

4:42 PM, 23 December

ဘရာဇီးဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေက နိုင်ငံ့လက်ရွေးစင်အသင်းနည်းပြရာထူးအတွက် လက်ရှိရိုးမားနည်းပြမော်ရင်ဟိုကို စိတ်ဝင်စားနေပြီး မကြာခင်မှာပဲ ကမ်းလှမ်းမှုတွေ လုပ်တော့မယ်လို့ အီတလီနိုင်ငံ၊ ရောမမြို့အခြေစိုက် La Repubbilca သတင်းဌာနမှ ဖော်ပြလာပါတယ်။

အထက်ပါသတင်းဌာနရဲ့အဆိုအရ လတ်တလောမှာတော့ မော်ရင်ဟိုက မိသားစုနဲ့အတူ ခရစ္စမတ်ကာလကို ဖြတ်သန်းဖို့ ပေါ်တူဂီနိုင်ငံမှာ ရှိနေပြီး နောက်လာမယ့်နာရီပိုင်းအတွင်းမှာတော့ ကြယ်ပွင့်ကစားသမားတွေနဲ့ ပြည့်နှက်နေတဲ့အသင်းကို စီမံကွပ်ကဲနိုင်ဖို့ အတွေ့အကြုံရင့်နည်းပြတစ်ဦးကို ရှာဖွေမယ့် ဘရာဇီးဘောလုံးအသင်းရဲ့ ကိုယ်စားလှယ်တစ်ဦး ဆော်ပေါ်လိုမြို့မှ ထွက်ခွာလာမယ်လို့ သိရပါတယ်။ 

ဒီမတိုင်ခင်ကာလတွေတုန်းကလည်း ဘရာဇီးအသင်းနည်းပြအဖြစ် တာဝန်ယူပေးဖို့ ပက်ဂွါဒီယိုလာက ငြင်းဆန်ခဲ့သလို အန်ဆယ်လော့တီကလည်း ရီးရဲလ်မက်ဒရစ်မှာပဲ ဆက်ရှိနေဖို့ လိုလားနေတာကြောင့် နိုင်ငံ့အသင်းနည်းပြအဖြစ် တာဝန်ယူပေးဖို့မရှိဘူးလို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။

အခုလိုနည်းပြသစ်ခန့်အပ်နိုင်ရေးကိစ္စအတွက် ဆွေးနွေးမှုတွေကို ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရိုဒရီဂွီစ်ကိုယ်တိုင် ဦးဆောင်မှာဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးနည်းပြတွေကို ခေါ်ယူနိုင်မယ့် အလားအလာအပေါ် စူးစမ်းလေ့လာဖို့နဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ နိုင်ငံတကာအတွေ့အကြုံရင့် အေးဂျင့်တစ်ဦးဆီ လုပ်ပိုင်ခွင့်ပေးထားတယ်လို့ သိရပါတယ်။

ဒီအေးဂျင့်က မော်ရင်ဟိုကိုကိုယ်စားပြုထားတဲ့ ဂျော့မန်ဒက်စ်နဲ့ အချက်အလက်တွေ အားလုံးနီးပါး တူညီနေတယ်လို့ သိရပါတယ်။ ဘရာဇီးဘောလုံးလောကတာဝန်ရှိသူတွေအနေနဲ့ အခုလကုန်ပိုင်းမှာ တုံ့ပြန်မှုတစ်ခုလိုချင်နေပြီး ပေါ်တူဂီဘက်ကလည်း နှစ်ဖက်စုံညီအစည်းအဝေးတစ်ခုကျင်းပဖို့ လိုလားနေတယ်လို့ သိရပါတယ်။

ရိုးမားအသင်းရဲ့ရည်မှန်းချက်၊ တိုးတက်မှုနဲ့ ကစားသမားတွေရဲ့ စိတ်နေစိတ်ထားခံယူချက်တွေကြောင့် မော်ရင်ဟိုက ရောမမြေမှာ ရာနှုန်းပြည့်ပျော်ရွှင်မှုမရှိဘူးလို့ La Repubbilca ရဲ့သတင်းမှာ ဆက်လက်ဖော်ပြခဲ့ပါတယ်။ မော်ရင်ဟိုနဲ့ ရိုးမားအသင်းတို့အကြား စာချုပ်သက်တမ်းမှာ ၂၀၂၄ ခုနှစ် ကုန်ဆုံးဖို့ ရှိနေပါတယ်။

#ရိုးမား #ဘရာဇီး #မော်ရင်ဟို #၂၀၂၂ကမ္ဘာ့ဖလား