ရှေ့သို့
Image

ကနေဒါတစ်နှစ်တာအကောင်းဆုံး ကစားသမားဆုရရှိခဲ့တဲ့ ကမ္ဘာ့ဖလားဂိုးသွင်းရှင် အယ်ဖွန်ဆိုဒေးဗီးစ်

3:34 PM, 23 December

ဘိုင်ယန်မြူးနစ်နဲ့ ကနေဒါအသင်းရဲ့ကြယ်ပွင့် အယ်ဖွန်ဆိုဒေးဗီးစ်ကတော့ ၅ ရာသီအတွင်း ၄ ကြိမ်မြောက်အဖြစ် ကနေဒါနိုင်ငံရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။

ဒေးဗီးစ်ဟာ ၃၆ နှစ်အတွင်း ကနေဒါအသင်းကို ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး နိုင်ငံအသင်းအတွက် ပထမဆုံးဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။ 

၂၂ နှစ်အရွယ်ကစားသမားဟာ ဘယ်နောက်ခံလူတစ်ဦးအဖြစ် ၂၀၂၁-၂၂ ရာသီမှာ ဘိုင်ယန်ကို ဘွန်ဒက်လီဂါနဲ့ ၂၀၂၂ DFL စူပါဖလားတို့ ရယူပေးခဲ့ပြီး ယူအီးအက်ဖ်အေချန်ပီယံလိဂ်မှာလည်း ပွဲအများဆုံး ကစားထားတဲ့ ကနေဒါကစားသမားအဖြစ် ရပ်တည်လျက်ရှိပါတယ်။

ဒေးဗီးစ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲချိန်ပြည့်ကစားရတဲ့ တစ်ဦးတည်းသော တိုက်စစ်ကစားသမားဖြစ်ပြီး တတိယဆုရှင် ခရိုအေရှားနဲ့ပွဲမှာလည်း ပွဲစလို့ ၆၇ စက္ကန့်အကြာမှာတင် ကနေဒါအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ 

ကနေဒါဂိုးသမား မီလန်ဘော်ဂျန်ကတော့ ဆိုင်လီလာရင်ဆီကိုပေးပို့ခဲ့တဲ့ တည်ကန်ဘောကနေ လာရင်က တာဂျွန်ဘူကာနန်ရှိနေတဲ့ ညာတောင်ပံကို ပေးခဲ့ပါတယ်။ ဘူကာနန်ကနေ ဖြတ်တင်ဘော ထပ်ဆင့်ပေးပို့မှုကို ဒေးဗီးစ်က လေထဲမှာ ကန်သွားခဲ့ပြီး ခရိုအေရှားဂိုးသမား ဒေါမနစ်လီဗာကိုဗစ်လည်း ဘယ်လိုမှမတတ်နိုင်ပဲ ဂိုးပေးလိုက်ရပါတယ်။ 

ကနေဒါအသင်းအနေနဲ့ နိုင်ပွဲမရရှိခဲ့ပေမယ့်လည်း ကမ္ဘာ့ဖလားသမိုင်းရဲ့ အထင်ကရသွင်းဂိုး တစ်ဂိုးကိုတော့ သွင်းယူနိုင်ခဲ့ပါတယ်။ ဒေးဗီးစ်ကလည်း" ကျွန်တော်ဘာမှ စဉ်းစားမနေတော့ပဲ ထောင့်ကန်ဘော အလံတိုင်ဆီကိုပဲ ပြေးသွားလိုက်တာပါ။ ဘယ်ခြမ်းကို ကြည့်လိုက်တော့ အသင်းဖော်တွေက ကျွန်တော့်ဆီကို ပြေးလာနေတာ တွေ့လိုက်ပါတယ်။"

"တော်တော်ကောင်းတဲ့ ခံစားချက်ပါပဲ။ ဒီအချိန်လေးကိုရောက်ဖို့ အကြာကြီးစောင့်ခဲ့ရတယ်။ နောက်ဆုံးတော့ ရောက်လာခဲ့လို့ အရမ်းဝမ်းသာပါတယ် ”  ဆိုပြီး ကနေဒါအသင်းရဲ့ နောက်ဆုံးကမ္ဘာ့ဖလားပွဲစဉ်ဖြစ်တဲ့ မော်ရိုကိုနဲ့ပွဲစဉ် မတိုင်မီပြောခဲ့ပါတယ်။

#ဘိုင်ယန်မြူးနစ် #၂၀၂၂ကမ္ဘာ့ဖလား #ကနေဒါ အယ်ဖွန်ဆိုဒေးဗီးစ်