ရှေ့သို့
Image

ယူနိုက်တက်မှာနေရာမရတဲ့ကွင်းလယ်အင်ဂျင် ဖရက်ဒ်ကို ခေါ်ယူဖို့အလိုရှိနေတဲ့ ပီအက်စ်ဂျီ

9:53 AM, 23 December

လီဂူးဝမ်းကလပ်ပီအက်စ်ဂျီအသင်းက မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ နည်းပြ တန်ဟတ်ရဲ့ ကိုင်တွယ်မှုအောက်မှာ နေရာမရဖြစ်နေတဲ့ ဘရာဇီးလက်ရွေးစင်ကွင်းလယ်ကစားသမား ဖရက်ဒ်ဆန်းတို့စ်ကို ခေါ်ယူနိုင်ရေးအတွက် စိတ်ဝင်တစား စောင့်ကြည့်နေလျှက်ရှိကြောင်း နာမည်ကျော် သတင်းဌာန အချို့က ဖော်ပြလာကြတာပဲ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းက ယူနိုက်တက်အသင်းနဲ့ စာချူပ်ပါအတိုင်း တစ်နှစ်သက်တမ်း တိုးပြီးဖြစ်တဲ့ ဖရက်အား ခေါ်ယူနိုင်ရေးအတွက် အမှတ်မထင်စိတ်ဝင်စားလာတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေမှာ ယူနိုက်တက်အသင်းနဲ့အတူ တောက်လျှောက် ပွဲထွက်ကစားခွင့်ရထားခဲ့ကာ ခြေစွမ်းပိုင်းအနိမ့်အမြင့်တွေကြောင့် ယူနိုက်တက် ပရိတ်သတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ဆက်တိုက်ကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဘရာဇီးလက်ရွေးစင်အသင်းဖော်တွေဖြစ်ကြတဲ့ နေမာနဲ့ မာကွင်ဟိုတို့ရှိနေကြတဲ့ ပြင်သစ်ချန်ပီယံအသင်းအနေဖြင့် ကွင်းလယ်ပိုင်းကို အားဖြည့်နိုင်ရန်အတွက် ကာလရှည် ကြိုးစားပြင်ဆင်နေတာ ဖြစ်ပါတယ်။

နည်းပြ ဆိုးလ်ရှားလက်ထက်မှာ ပုံမှန်ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ဖရက်ဒ်အနေဖြင့် ဘရာဇီးလက်ရွေးစင်အသင်းရဲ့ အဓိကကွင်းလယ်ကစားသမားတစ်ဦးအဖြစ် ကက်စမဲရိုးနဲ့ တွဲဖက်ကာ ကစားပေးခွင့်ရခဲ့ပေမဲ့ နည်းပြတန်ဟတ်ရောက်ရှိလာမှုနဲ့အတူ ကလပ်အသင်းမှာ ပုံမှန်ကစားခွင့်မရဖြစ်နေသလို နိုင်ငံလက်ရွေးစင်အသင်းနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်လည်း အရန်ခုံမှာ အချိန်ကုန်နေခဲ့ရတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက ပီအက်စ်ဂျီအသင်းမှာ နေရာပိုမိုရရှိနိုင်ဖွယ်ရှိတဲ့ ဖရက်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ခန့် တောင်းဆိုသွားဖွယ်ရှိနေပြီး ပီအက်စ်ဂျီအသင်းအနေဖြင့် ပြောင်းရွှေ့ကြေးပမာဏ မည်မျှပေးချေသွားမလဲဆိုတာကို စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆိုးလ်ရှား #ပီအက်စ်ဂျီ #လီဂူးဝမ်း #ဖရက်ဒ် #တန်ဟတ်