ရှေ့သို့
Image

မာတင်နယ်လီကို စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရဖို့နီးစပ်နေတဲ့ အာဆင်နယ်

2:59 PM, 21 December

အာဆင်နယ်အသင်းဟာ ဘရာဇီးတိုက်စစ်ကစားသမား ဂါဘရီရယ်မာတင်နယ်လီကို စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိဖို့နီးစပ်နေတယ်လို့ သိရပါတယ်။ ၂၁ နှစ်အရွယ် ကစားသမားဟာ အီမေးလ်စမစ်ရိုဝီ ဒဏ်ရာကြောင့် ပွဲထွက် မကစားနိုင်တဲ့အချိန်မှာ ဘယ်တောင်ပံထွက်ကစားခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ် ၁၄ ပွဲမှာ သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

မာတင်နယ်လီရဲ့ ခြေစွမ်းပြမှုဟာ အာဆင်နယ်ကို အမှတ်ပေးဇယား ထိပ်ဆုံးကနေ ဒုတိယနေရာက မန်ချက်စတာစီးတီးကို ၅ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်စေခဲ့ပါတယ်။ အာဆင်နယ်မှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားမှာ ဘရာဇီးလက်ရွေးစင် အသင်း အတွက် ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့် လက်ရှိစာချုပ်အရဆိုရင် မာတင်နယ်လီက ၂၀၂၃-၂၄ ရာသီ အကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်တာကြောင့် အာဆင်နယ်အနေနဲ့ ဘရာဇီးသားကို စာချုပ်သစ် ချုပ်ဆိုနိုင်ရေးကို ဦးစားပေးအဖြစ် ဆောင်ရွက်လာပါတယ်။

ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့က မာတီနယ်လီကို စောင့်ကြည့်နေပြီး ကစားကတော့ ဒီရာသီအစောပိုင်းကတည်းက မြောက်လန်ဒန်မှာပဲ ဆက်နေလိုကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။

မာတင်နယ်လီက “ကျွန်တော်အကြိမ်ပေါင်းများစွာ ပြောခဲ့ဖူးသလိုပဲ ဒါကကျွန်တော့်အသင်းပါ၊ ဒီမှာကစားရတာ ပျော်တယ်၊ ဒီမြို့ကိုချစ်တယ်၊ ဒီအသင်းကို ချစ်တယ်။ အာဆင်နယ်နဲ့ ပက်သက်သမျှ အားလုံးကြိုက်တယ်။ ဒီမှာပဲ ဆက်နေချင်တယ်။ အရမ်းလည်းပျော်နေတယ်၊ စာချုပ်လက်မှတ်ထိုးဖို့ ဘောပင်တစ်ချောင်းပဲလိုပါတယ်”လို့ ပြောခဲ့ပါတယ်။

ဒေးလီးမေးလ်ရဲ့အဆိုအရ အာဆင်နယ်ဟာ မာတင်နယ်လီနဲ့ စာချုပ်သစ် သဘောတူညီမှုရဖို့ နီးစပ်နေပြီဖြစ်ပြီး တိုက်စစ်မှူးကလည်း သူ့ရဲ့အနာဂတ်ကို အာဆင်နယ်မှာပဲ ၂၀၂၇ ထိ ဖြတ်သန်းဖို့ အသင့်ဖြစ်နေပါတယ်။ မာတင်နယ်လီဟာ လက်ရှိနည်းပြ မီခေးလ်အာတီတာရဲ့ စီမံကိန်းတွေနဲ့ လိုက်ဖက်ညီနေပြီး နှစ်ဦးနှစ်ဖက်ဆွေးနွေးမှုတွေကိုလည်း အောက်တိုဘာလကတည်းက ပြုလုပ်ခဲ့တာကြောင့် အခုဆိုရင် နောက်ဆုံး အဆင့်တွေကို ရောက်ရှိနေပြီဖြစ်ပါတယ်။

တောင်အမေရိကသားဟာ စာချုပ်သစ် ချုပ်ဆိုပြီးပါက လက်ရှိလစာ တစ်ပတ်ပေါင် ၇၀၀၀၀ ကနေ တစ်ပတ်ကို ပေါင် ၂၀၀၀၀၀ ထိ တိုးမြှင့် ရရှိသွားဖွယ် ရှိပါတယ်။
#အာဆင်နယ် #မာတင်နယ်တီ #ပရီးမီးယားလိဂ်