ရှေ့သို့
Image

ဘယ်လင်ဂမ်ကို လာမယ့်နွေရာသီမှာ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတဲ့ ရီးရဲလ်မက်ဒရစ်

1:44 PM, 21 December

စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်နွေရာသီရဲ့ အဟော့ဆုံးဖြစ်လာမယ့် အပြောင်းအရွှေ့ကို အနိုင်ရရှိလိမ့်မယ်လို့ ယုံကြည်လျက်ရှိပါတယ်။ အဆိုပါအပြောင်းအရွှေ့ကတော့ လက်ရှိဥရောပထိပ်သီး အသင်းအတော်များများက စိတ်ဝင်စားနေတဲ့ ဒေါ့မွန်ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဂမ်ရဲ့ အပြောင်းအရွှေ့ပဲ ဖြစ်ပါတယ်။

ဘယ်လင်ဂမ်ဟာ ၂၀၂၀ တုန်းက အလားအလာကောင်းတွေ အများကြီး ပိုင်ဆိုင်ထားတဲ့ ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ ပေါ်ထွက်လာခဲ့ပြီးနောက် လက်ရှိအချိန်မှာတော့ ပေါင်သန်း ၁၀၀ ကျော် တန်ကြေးရှိတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ ကလပ်အသင်းနဲ့ နိုင်ငံအသင်းမှာ ဆက်တိုက်ပြသနေတဲ့ ခြေစွမ်းတွေကြောင့်လည်း ဥရောထိပ်သီးအသင်းတွေဖြစ်တဲ့ ရီးရဲလ်၊ လီဗာပူး၊ ချဲလ်ဆီးနဲ့ မန်ချက်စတာ နှစ်သင်းစလုံးရဲ့ စိတ်ဝင်စားမှုတွေ ရရှိနေသူလည်း ဖြစ်ပါတယ်။

၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ ဒေါ့မွန်ကြယ်ပွင့်ဟာ ကာတာကမ္ဘာ့ဖလားမှာလည်း ကျေနပ်ဖွယ်ရာ ခြေစွမ်းမျိုးပြသခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ် ကစားသမားဆုစာရင်းထဲ မပါခဲ့ပေမယ့် Sportmail က ရွေးချယ်တဲ့ ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားစာရင်းထဲ ပါဝင်ခဲ့ပါတယ်။ သတင်းတွေအရတော့ နည်းပြကာလိုအန်ဆယ်လော့တီဟာ ဘာမင်ဂမ်ဖွားကွင်းလယ်လူကို ၂၀၂၃ နွေရာသီမှာ စပိန်နိုင်ငံရဲ့ မြို့တော်ဆီခေါ်ယူနိုင်မယ်လို့ ပိုမိုယုံကြည်နေတယ်လို့ သိရပါတယ်။

ရီးရဲလ်ရဲ့အဓိက ကွင်းလယ်လူတွေဖြစ်တဲ့ လူကာမိုဒရစ်နဲ့ တိုနီခရူးစ်တို့ရဲ့ ကစားသမားဘ၀ နေဝင်ချိန် နီကပ်လာတာကြောင့်လည်း ရီးရဲလ်အနေနဲ့ လူငယ်သွေးသစ်တွေနဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်ဖို့ မဖြစ်မနေ လိုအပ်လာပါတယ်။ တကယ်လို့ ဘယ်လင်ဂမ်သာ ဒေါ့မွန်ကနေ မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် လက်ရှိရီးရဲလ်မှာ ခြေစွမ်းပြနေတဲ့ ဖီဒီဗယ်လ်ဗာဒီ၊ ပြင်သစ် လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ အက်ဒွာဒိုကာမာဗင်ဂါ၊ အူရီလီယန်ချူအာမီနီတို့နဲ့ ဘာနေဗျူးမှာ တွဲကစားရမှာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်လင်ဂမ်ဘက်ကတော့ ဘာမှလှုပ်ရှားမှုမရှိသေးပဲ အနာဂတ်နဲ့ ပက်သက်လို့ မရေရာသေးပါဘူး။ တစ်ဖက်မှာ လီဗာပူးကလည်း လိုအပ်ချက်တွေများနေတဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်ဖို့ ၁၉ နှစ်သားကို စိတ်ဝင်စားနေပါတယ်။ နည်းပြဂျာဂန်ကလော့ပ်ကိုယ်တိုင် ကွင်းလယ်ကစားသမားလေးကို ချီးကျူးခဲ့ပေမယ့် နောက်ထပ်ပစ်မှတ်အဖြစ်တော့ ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆု ရရှိခဲ့တဲ့ အာဂျင်တီးနားလူငယ်ကြယ်ပွင့် အန်ဇိုဖာနန်ဒက်ဇ်ကိုလည်း စိတ်ဝင်စားလျက်ရှိပါတယ်။

#ရီးရဲလ်မက်ဒရစ် #ဒေါ့မွန် #အပြောင်းအရွှေ့ #ဘယ်လင်ဂမ်