ရှေ့သို့
Image

ကမ္ဘာ့ဖလား အောင်ပွဲအပြီးမှာ ညမအိပ်ပဲ ဂိမ်းထိုင်ဆော့နေကြတဲ့ လီဆန်ဒရိုမာတီနက်ဇ်နဲ့ ရိုမဲရိုး

3:02 PM, 20 December

အာဂျင်တီးနားအသင်းဟာ တနင်္ဂနွေနေ့တုန်းက ပြင်သစ်အသင်းကို ပင်နယ်တီနဲ့ အနိုင်ယူပြီး ၃ ကြိမ်မြောက် ကမ္ဘာ့ဖလား ချန်ပီယံဆုကြီးကို ရရှိခဲ့ပြီးနောက်မှာတော့ အောင်ပွဲခံအစီအစဉ်တွေနဲ့ ဆက်ခဲ့ကြပါတယ်။ ဒါပေမယ့် အာဂျင်တီးနား ခံစစ်အတွဲဖြစ်တဲ့ ခရစ္စတီယန်ရိုမဲရိုးနဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့ကတော့ ကိုယ်တိုင်ကန်ရတာ အားမရသေးတဲ့ပုံပါပဲ။

နှစ်ယောက်သား နေကာမျက်မှန်ကြီးတွေတပ်ပြီး မနက် ၆ နာရီထိ FIFA ဘောလုံးဂိမ်းကို အောင်ပွဲခံတဲ့ အနေနဲ့ အကြိတ်အနယ် ကစားခဲ့ကြတယ်လို့ သိရပါတယ်။ မာတီနက်ဇ်နဲ့ ရိုမဲရိုးတို့ ဂိမ်းဆော့နေကြပုံကို ပင်နယ်တီဟီးရိုး အီမီလီယာနိုမာတီနက်ဇ်ကိုယ်တိုင် ရိုက်ထားတာဖြစ်ပြီး ဗီဒီယိုထဲမှာတော့ အခုမနက် ၆ နာရီဖြစ်နေပြီ ဒီနှစ်ယောက်က အောင်ပွဲခံလို့မပြီးသေးဘူးဆိုပြီး ပြောခဲ့ပါတယ်။ အာဂျင်တီးနားအသင်းဟာ တနင်္လာနေ့ကပဲ ဘွေနိုအေးရီးမြို့ကို ဗုံတွေ၊ လင်ကွင်းတွေနဲ့ လေယာဉ်ပေါ်မှာ အောင်ပွဲခံရင်း အိမ်ပြန်ခဲ့ကြပါတယ်။

အက်စတွန်ဗီလာ ဂိုးသမားက ဗီဒီယိုကို သူ့ရဲ့ဆိုရှယ်မီဒီယာမှာတင်ခဲ့ပြီး ပရီးမီးယားလိဂ် ကစားဖော်နှစ်ယောက်ကတော့ ဂိမ်းကိုသာ အာရုံစိုက်နေကြပြီး မာတီနက်ဇ်က အဲ့နှစ်ယောက် ကာတာမှာ မိုးလင်းပေါက် ဂိမ်းဆော့နေတာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် နောက်ခံလူမာတီနက်ဇ်ကတော့ ကင်မရာဘက်လှည့်ကြည့်ခဲ့ပြီး မျက်မှန်ချွတ်ပြကာ မျက်နှာပြောင်လိုက်ပါသေးတယ်။

တော့တင်ဟမ်နောက်ခံလူ ရိုမဲရိုးကတော့ ရှုံးနေပုံပါပဲ၊ ဂိမ်းကိုပဲ သဲကြီးမဲကြီး ကစားနေပါတယ်။ ရိုမဲရိုးကတော့ ကာတာမှာကစားရတဲ့တစ်လျှောက်လုံး နိုင်ငံအသင်းအတွက် ပွဲတိုင်းကို ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး မာတီနက်ဇ်ကတော့ နှစ်ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့သလို နည်းပြလီယွန်နယ်စကာလိုနီ လက်အောက်မှာလည်း ၅ ပွဲသာ ကစားခွင့်ရပါသေးတယ်။ တနင်္ဂနွေနေ့ ဖိုင်နယ်ကိုလည်း အရန်ခုံကနေသာ ဖြတ်သန်းခဲ့ရပါသေးတယ်။

မာတီနက်ဇ်နဲ့ ရိုမဲရိုးတို့ဟာ ငယ်စဉ်ကတည်းက ရင်းနှီးခဲ့သူတွေဖြစ်ပြီး ၂၀၁၆ ကတည်းက အာဂျင်တီးနား ပြည်တွင်းကလပ်တွေရဲ့ လူငယ်အသင်းတွေမှာ ကစားခဲ့ကြပါတယ်။  

မာတီနက်ဇ်က မက်ဆီရဲ့ငယ်ဘဝကလပ် Newell’s Old Boys လူငယ်အသင်းမှာ ကစားခဲ့ပြီး ရိုးမဲရိုးကတော့ Belgrano လူငယ်အသင်းမှာ ကစားခဲ့ကြပါတယ်။ အချိန်ကာလ ၆ နှစ်ကြာခဲ့ပြီးနောက်မှာတော့ အခြေအနေတွေက မယုံနိုင်အောင် ပြောင်းလဲသွားခဲ့ပြီး လွန်ခဲ့တဲ့ ၆ နှစ်က အာဂျင်တီးနားလူငယ်လေး ၂ ယောက်ဟာ အခုချိန်မှာတော့ ကမ္ဘာ့အကြီးဆုံး အသင်းတွေမှာ ကစားနေကြသလို နိုင်ငံအသင်းနဲ့လည်း ကမ္ဘာ့ဖလား ချန်ပီယံတွေ ဖြစ်နေကြပါပြီ။

#ရိုမဲရိုး #အာဂျင်တီးနား #ပြင်သစ် #မာတီနက်ဇ် #၂၀၂၂ကမ္ဘာ့ဖလား