ရှေ့သို့
Image

၂၀၀၆ ကမ္ဘာ့ဖလားအပြီးမှာ စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်ဆီ ရောက်ရှိဖို့ အတော်လေးနီးစပ်ခဲ့တဲ့ ပီယာလို

2:29 PM, 20 December

၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီတလီနဲ့အတူ ဗိုလ်စွဲခဲ့ပြီးနောက် ကွင်းလယ်လူပီယာလိုဟာ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ အတော်လေးနီးစပ်ခဲ့ပါတယ်။

ပီယာလိုက အေစီမီလန် အသင်းမှာ ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကစားခဲ့ပြီး ချန်ပီယံလိဂ် ၂ ကြိမ်နဲ့ စီးရီးအေချန်ပီယံ ၂ ကြိမ် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်ကာလတုန်းက အေစီမီလန်ဟာ အီတလီ ဘောလုံးလောကလုပ်ပွဲအရှုပ်တော်ပုံထဲမှာ ပါဝင်တယ်လို့ စွပ်စွဲခံရတဲ့ အသင်းငါးခုအနက် တစ်ခုဖြစ်ခဲ့ပါတယ်။

၂၀၀၆ ခုနှစ်ကမ္ဘာ့ဖလားမှာ အီတလီအသင်းနဲ့အတူ ဗိုလ်စွဲခဲ့တဲ့ ပီယာလိုက ဥရောပထိပ်သီးလိဂ်တွေမှာ ဆက်လက်ကစားခွင့်ရဖို့နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကစားလိုခြင်းတို့ကြောင့် မီလန်မြို့မှ ထွက်ခွာကာ ဘာနေဗျူးကလပ်နဲ့ပူးပေါင်းဖို့ လုပ်ဆောင်ခဲ့ပါတယ်။

FourFourTwo သတင်းဌာနနဲ့ တွေ့ဆုံချိန် ပီယာလိုက “ကမ္ဘာ့ဖလားဆုကြီးကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် ရှေ့ဆက် ဘာတွေဖြစ်လာဦးမလဲဆိုတာ ကျွန်တော်တို့ မသိခဲ့ရပါဘူး။ ကျွန်တော့်အနေနဲ့ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ အတော်လေးကို နီးစပ်ခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းမှာ အေစီမီလန်က ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး စီးရီးအေမှာပဲ ဆက်လက်ကျန်ရှိနေတဲ့ အကြောင်း ကျွန်တော်တို့ စကားပြောခဲ့ရပါတယ်။ ကလပ်က ကျွန်တော့်ကို ချက်ချင်းဆိုသလိုပဲ စာချုပ်သစ်ကမ်းလှမ်းခဲ့ပြီး အသင်းမှာဆက်ရှိနေဖို့ အစွမ်းကုန်လုပ်ဆောင်ခဲ့ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ပီယာလိုက ၂၀၁၀ ပြည့်နှစ်မှာ “ရီးရဲလ်မက်ဒရစ်ရဲ့ခါးသီးပြိုင်ဘက် ဘာစီလိုနာနဲ့ ဆွေးနွေးမှုတွေ ရှိခဲ့တဲ့ အကြောင်းကို ဆက်ပြောပြခဲ့ပါတယ်။ ပွဲကစားပြီးချိန်မှာ ဂွါဒီယိုလာက ကျွန်တော့်ကို သူ့ရဲ့ရုံးခန်းဆီ ခေါ်ပြီး သူကစားချင်တဲ့ပုံစံနဲ့ သူ့ရဲ့အသင်းဆီ ကျွန်တော့်ကို ပြောင်းလာဖို့အတွက် ဆွေးနွေးပြောဆိုမှုတွေ စတင်ခဲ့ပါတယ်။ အထူးသဖြင့် ဂွါဒီယိုလာလိုနည်းပြမျိုးနဲ့ ဆွေးနွေးခွင့်ရတာနဲ့ ဘာစီလိုနာကစားသမားအဖြစ် နှိုင်းယှဉ်မှုကို ခံရတာဟာ ကျွန်တော့်အတွက် ဂုဏ်ယူစရာဖြစ်ပါတယ်။ အဆုံးမှာတော့ ဘာမှဆက်မဖြစ်လာဘူးပေါ့။ ဒါပေမယ့် ဂွါဒီယိုလာနဲ့ အခုလိုဆွေးနွေးခွင့်ရတာက အံ့သြစရာအတွေ့အကြုံ ဖြစ်ပါတယ်”လို့ ပီယာလိုက ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ပီယာလိုက တူရကီပြည်တွင်းကလပ် ဖာတီကာရာဂူရက်ခ်အသင်းမှာ နည်းပြချုပ်အဖြစ် တာဝန်ယူနေပါတယ်။

#လာလီဂါ # ပီယာလို #ရီးရဲလ်မက်ဒရစ်