ရှေ့သို့
Image

ကာတာမှာ အရှေ့အလယ်ပိုင်း ရင်းနှီး မြှုပ်နှံသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးနေတဲ့ ဂလေဇာ

3:12 PM, 19 December

ယူနိုက်တက် အသင်းပိုင်ရှင်တွေ ဖြစ်ကြတဲ့ ဂလေဇာမိသားစုဟာ ကမ္ဘာ့ဖလား ကျင်းပနေတဲ့ ကာတာမှာ အသင်းကို ရင်းနှီးမြှုပ်နှံမှုတွေ ခေါ်ယူဖို့ အရှေ့အလယ်ပိုင်းက ရင်းနှီး မြှုပ်နှံသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းပိုင်ရှင်တွေဟာ အသင်းကို ၁၇ နှစ်ကြာ ပိုင်ဆိုင်ပြီးနောက်မှာ အသင်းကို ရောင်းချသွားဖို့ ရှိနေတယ်လို့ ကြေညာထားပါတယ်။ ယူနိုက်တက်အသင်းကို ဂလေဇာ ပိုင်ဆိုင်ထားတဲ့ သက်တမ်းတစ်လျှောက်မှာ အသင်းကို ဂရုမစိုက်တာ တွေကြောင့် ပရိတ်သတ်တွေကလည်း ဆန္ဒပြမှုတွေ ပြုလုပ်ထားသလို အသင်းကို ရောင်းချဖို့လဲ တောင်းဆိုထားကြပါတယ်။ ထို့ကြောင့် ဂလေဇာအနေနဲ့ အခုလို တွေ့ဆုံမှုကြောင့် ပရိတ်သတ်တွေအနေနဲ့ အသင်းရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ စိတ်လှုပ်ရှားစရာ ဖြစ်နေပါတယ်။

ကလပ်အသင်းတွေကို အရှေ့အလယ်ပိုင်း သူဌေးတွေက ဝယ်ယူပြီး အောင်မြင်မှု ရရှိနေတဲ့ အသင်းတွေ အဖြစ် မန်စီးတီး ၊ ပီအက်စ်ဂျီ ၊ အက်စ်တွန်ဗီလာနဲ့ နယူးကာဆယ်တို့ကို နမူနာအဖြစ် တွေ့ရှိထားရပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာက ယူနိုက်တက်ဟာ အသင်းရဲ့ တိုးတက်ရေးအတွက် အသင်းကိုရောင်းချတာ ၊ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှု ရှာဖွေတာမျိုးဖြစ်ဖြစ် ပြုလုပ်သွားမယ်လို့ ဖော်ပြပြီးနောက် အခုလို အရှေ့အလယ်ပိုင်းက ရင်းနှီးမြှုပ် နှံ မှုတွေကို ရှာဖွေလာတာပဲ ဖြစ်ပါတယ်။

အသင်းရဲ့ တိုးတက်ပြောင်းလဲမှုအပိုင်းတွေမှာ အသင်းရဲ့ ကွင်းကို အဆင့်မြှင့်တာ ၊ တခြားသော အဆောက်အဦးတွေကို ဖြည့်တင်းတာ ၊ အသင်းရဲ့ စီးပွားရေးကဏ္ဍကို ကမ္ဘာ့အဆင့် တိုးချဲ့တာ ၊ အမျိုးသား ၊ အမျိုးသမီး အကယ်ဒမီကို မြှင့်တင်တာ ၊ အသင်း ပရိတ်သတ်တွေနဲ့ အသင်းရဲ့ ရှယ်ယာရှင်တွေကို အကျိုးရလဒ်တွေ ရရှိအောင် ပြုလုပ် ပေးဖို့တို့ပဲ ဖြစ်ပါတယ်။

ပြင်သစ်အသင်း မော်ရိုကို အသင်းကို နိုင်ပွဲ ရခဲ့အပြီးမှာ ဂလေဇာမိသားစုက အသင်းကို ရောင်းချဖို့နဲ့ ပတ်သက်လို့ "အသင်းကို ရောင်းချဖို့ မလိုအပ်ပါဘူး။ကျွန်တော်တို့ လုပ်စရာရှိတဲ့ လုပ်ငန်းစဉ်ကို ဆောင်ရွက်နေတာပါ။ ဘာဆက်ဖြစ်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပါ"လို့ ဂလေဇာက ဆိုထားပါတယ်။

အရှေ့အလယ်ပိုင်းက ရင်းနှီးမြှုပ်နှံသူတွေ နည်းတူ ဆာဂျင် ရက်ကလစ် ၊ မိုက်ကယ် ကင်းဒန်း ၊ နယူးယောက် ရင်းနှီး မြှုပ်နှံသူ ၊ အီလွန်မက်တို့ကလည်း ယူနိုက်တက်ကို စိတ်ဝင်စားနေကြပါတယ်။ ဂလေဇာဟာ ယူနိုက်တက်ကို အပြည့်အဝထိန်းချုပ်နိုင်ဖို့ ယူနိုက်တက်ရဲ့ ရှယ်ယာကို  ပေါင် သန်း ၇၉၀ နဲ့ ၂၀၀၅ ခုနှစ်က  ဝယ်ယူခဲ့တာပါ။ ထိုစဉ်ကလည်း အသင်းရဲ့ ပိုင်ဆိုင်မှု ရှယ်ယာဝယ်ယူရာမှာလည်း အငြင်းပွားစရာတွေ ကြုံခဲ့ရပါတယ်။

The Athletic ရဲ့ အဆိုအရ ယူနိုက်တက်အသင်းကို ပေါင် ၆ ဘီလီယံနဲ့ ၇ ဘီလီယံ ကြားရောင်းချသွားဖွယ်ရှိတယ်လို့ ဆိုထားပါတယ်။ ယူနိုက်တက်နည်းပြ တန်ဟတ်ကလည်း အသင်းရဲ့ ပိုင်ရှင်အပြောင်းအလဲနဲ့ ပတ်သက်လို့ အကောင်းမြင်ထားတယ်လို့ ဆိုပါတယ်။

"အသင်း ပိုင်ရှင်တွေက ပွင်းလင်းမြင်သာမှု ရှိပါတယ်လို့ ရစ်ချက်အာနိုးက ပြောထားပါတယ်။ ကျွန်တော် အသင်းမှာ လိုချင်တဲ့ပုံစံကို ပြောထားပါတယ်။ ဦးတည်ချက် ရည်မှန်းချက်တွေအကြောင်း ပြောထားပါတယ်။ သူကလည်း အပြောင်းအလဲ မလုပ်ဘူးလို့ ဆိုပါတယ်။ ရင်းနှီးမြှုပ်နှံမှု ငွေကြေးဟာ အသင်းအတွက် ပိုကောင်းပါလိမ့်မယ်"လို့ တန်ဟတ်က ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #တန်ဟတ် #ဂလေဇာ #ပရီးမီးယားလိဂ်