ရှေ့သို့
Image

အခုအချိန်မှာ မာရာဒိုနာကို ရှိနေစေချင်တယ်လို့ ပြောဆိုလိုက်တဲ့ အာဂျင်တီးနားနည်းပြ စကာလိုနီ

2:26 PM, 19 December

မနေ့ညပိုင်း၊ ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလားချန်ပီယံဆုကို အာဂျင်တီးနားအသင်း ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အသင်းနည်းပြ စကာလိုနီက နိုင်ငံ့ဂန္တဝင်ကစားသမားကြီး မာရာဒိုနာကိုလည်း အခုအောင်ပွဲမှာ ပါဝင်ဆင်နွှဲစေချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ မနေ့ညပိုင်း နိုင်ပွဲကြောင့် အာဂျင်တီးနားဟာ မာရာဒိုနာနဲ့အတူ ၁၉၈၆ ကမ္ဘာ့ဖလား အောင်မြင်မှုနောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားချန်ပီယံဆုကို ပြန်လည်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်အဖြစ် မာရာဒိုနာက ၁၉၇၇ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ ပါဝင်ကစားပေးခဲ့ပြီး ၂၀၂၀ ပြည့်နှစ်နှောင်းပိုင်း၊ အသက်-၆၀ နှစ်အရွယ်မှာတော့ ရုတ်တရက်နှလုံးခုန်ရပ်ကာ ကွယ်လွန်သွားသူဖြစ်ပါတယ်။ အာဂျင်တီးနားအစိုးရနဲ့ ပြည်သူတွေက မာရာဒိုနာကွယ်လွန်ခြင်းအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ် သုံးရက်တာ ပြုလုပ်ပေးခဲ့ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားအောင်ပွဲမှာ မာရာဒိုနာသာရှိနေသေးရင် သူ့ကို ဘာပြောမလဲလို့ မေးမြန်းလာချိန် စကာလိုနီက “ဟုတ်ပါပြီ။ ခင်ဗျားက သူ ဒီမှာမရှိတော့တာကို ကျွန်တော်သိလာအောင် လုပ်ပေးတာပဲ။ မဟုတ်ရင် မာရာဒိုနာက ကျွန်တော်တို့နဲ့အတူ ရှိနေတယ်လို့ ခင်ဗျားထင်နေမှာပဲ။ ကံကောင်းကောက်မစွာနဲ့ပဲ ကျွန်တော်တို့ဟာ ဒီဆုဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံက ဘောလုံးအပေါ် ရူးသွပ်တဲ့ နိုင်ငံဖြစ်တာကြောင့် အချို့အချို့သော အိပ်မက်တွေက ကာလရှည်မက်ခဲ့ရတဲ့ အရာတွေဖြစ်ပါတယ်။ အခုဆိုရင် မာရာဒိုနာက ကောင်းကင်ကြီးပေါ်ကနေ အခုအောင်ပွဲအတွက် ပျော်ရွှင်နေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ အကယ်၍ သူသာ ဒီနေ့ဒီနေရာမှာ ရှိနေသေးတယ်ဆိုရင် အရမ်းပျော်ရွှင်နေမှာ သေချာသလို ကွင်းထဲကို အရင်ဆုံးဝင်ရောက်လာမယ့်သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် အခုခင်ဗျားရဲ့မေးခွန်းက မာရာဒိုနာ အနေနဲ့ ဒီနေရာမှာ မရှိနိုင်တော့ဘူးဆိုတာ ကျွန်တော့်ကို သဘောပေါက်စေခဲ့တယ်။ အခုလိုအခိုက်အတန့်မှာ သူ့ကို ဒီနေရာမှာ ရှိနေစေချင်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

#မာရာဒိုနာ #စကာလိုနီ #အာဂျင်တီးနား #ပြင်သစ် #၂၀၂၂ကမ္ဘာ့ဖလား