ရှေ့သို့
Image

ခရိုအေးရှားနဲ့ပွဲအပြီး ဖီဖာဥက္ကဌရဲ့မျက်နှာနားကိုကပ်ပြီး အော်ဟစ်ခဲ့တဲ့ ဟာကီမီ

10:00 AM, 18 December

မော်ရိုကိုနောက်ခံလူ အာကက်ဖ်ဟာကီမီဟာ ယမန်နေ့ည ခရိုအေးရှားနဲ့ တတိယနေရာလုပွဲက ရှုံးပွဲအပေါ် စိတ်ပျက်နေမှုကို ဖီဖာဥက္ကဌ အင်ဖန်တီနိုထံ ပေါက်ကွဲပြသွားခဲ့ပါတယ်။

ယမန်နေ့ည ကမ္ဘာ့ဖလား တတိယနေရာလုပွဲအတွင်း မော်ရိုကိုက ခရိုအေးရှားကို ၂-၁ဂိုးနဲ့ရှုံးကာ စတုတ္ထနေရာသာရခဲ့ပါတယ်။


မော်ရိုကိုအသင်းက ချေပဂိုးရစေမယ့် ပင်နယ်တီအခွင့်အရေးရှိခဲ့ပြီး ကွင်းလယ်ဒိုင်က လျစ်လျူရှုခဲ့ခြင်းအပေါ် ဟာကီမီက ပေါက်ကွဲခဲ့တာပါ။ 

အန်နက်စရီက ဧရိယာထဲ ခေါင်းတိုက်စဉ် ခရိုအေးရှားတိုက်စစ်မှူး ပက်ကိုဗစ်ရဲ့လက်နဲ့ထိခဲ့တာဖြစ်သလို ဟာကီမီကိုယ်တိုင်ကလည်း အဆိုပါ တိုက်စစ်မှူးရဲ့ ဖျက်ထုတ်မှုကြောင့် လဲကျခဲ့ပါတယ်။

ပြင်သစ်နဲ့ပွဲစဉ်တုန်းကလည်း ဘူဖယ်ရဲ့ ထိုးဖောက်မှုကို ကိုနာတေးက ဖျက်ထုတ်စဉ် လဲကျသွားခဲ့တာကို ကွင်းလယ်ဒိုင်က ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။


အဆိုပါ အဖြစ်အပျက်တွေက ဟာကီမီကို ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လာစေပြီး ယနေ့ည ကမ္ဘာ့ဖလားနောက်ဆုံးပွဲအပြီး ဥမင်ထဲမှာ အင်ဖန်တီနိုနားကိုကပ်ပြီး အော်ဟစ်ခဲ့တာဖြစ်ကာ အဆိုပါအဖြစ်အပျက်ကို အနားရှိသူအားလုံးမြင်လိုက်ရသလို ရုပ်သံလွှင့်နေရာကနေ ဖျက်ချခဲ့ရပါတယ်။

SVT Sportမှ တင်ဆက်သူ ကူကူကက်စ်လန်က “သူတို့ ကျွန်တော်ရိုက်ထားတဲ့ပုံကို ပြန်ဖျက်ခိုင်းပါတယ်။ အဲ့ဒီမှာ ရှက်စရာအဖြစ်အပျက်တွေ ဖြစ်သွားတယ်ဆိုတာ သေချာပြီး မြင်နေရတဲ့အရာတစ်ခုကို သတင်းထောက်တစ်ဒါဇင်လောက်က ပြန်ပြီး သတင်းမရေးရဘူးဆိုတာ အတော်လေးတုံးရာကျပါတယ်ဗျာ”လို့ ပြောခဲ့ပါတယ်။


သတင်းတင်ဆက်သူ တွမ်အက်ဘာစ်ကလည်း “သူ အင်ဖန်တီနိုရဲ့ ငါးမီတာအကွာလောက်ကနေ ရပ်နေပြီး ဒိုင်အကြောင်းကို အော်ဟစ်ပြောဆိုကာ ရန်တွေ့ခဲ့ပါတယ်။ အဲ့ဒါက နာကျင်ရပါတယ်”လို့ ဆိုခဲ့ပါတယ်။


ဖီဖာဥက္ကဌ အင်ဖန်တီနိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်ခင်ကတည်းက ပြဿနာပေါင်းများစွာကို ဖြေရှင်းနေရပြီး ဝေဖန်မှုတွေကို တောက်လျောက်ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။


#ဟာကီမီ #၂၀၂၂ကမ္ဘာ့ဖလား #မော်ရိုကို