ရှေ့သို့
Image

မော်ရိုကိုက ထိပ်တန်းအသင်းတွေနဲ့ ယှဉ်ပြိုင်နိုင်တယ်ဆိုတာ ပြသနိုင်ခဲ့ပြီလို့ ရီဂရာဂွီကြုံးဝါး

9:25 AM, 18 December

မော်ရိုကိုအသင်းဟာ ကမ္ဘာ့ဖလားမှာ စတုတ္ထနေရာရခဲ့ပြီးနောက် နိုင်ငံတကာ ဘောလုံးအင်အားကြီးအသင်းတွေနဲ့ ယှဉ်ပြိုင်နိုင်တယ်ဆိုတာ ပြသနိုင်ခဲ့ပြီလို့ နည်းပြ ဝါလစ်ရီဂရာဂွီက ကြုံးဝါးသွားခဲ့ပါတယ်။

ယမန်နေ့ည ခရိုအေးရှားနဲ့တတိယနေရာလုပွဲအတွင်း မော်ရိုကိုတို့ ၂-၁ဂိုးနဲ့ ရှုံးခဲ့ကာ စတုတ္ထနေရာသာ ရရှိခဲ့ပါတယ်။

မော်ရိုကိုအသင်းဟာ ကမ္ဘာ့ဖလား လမ်းကြောင်းတစ်လျောက် စပိန်၊ ပေါ်တူဂီတို့လို အသင်းကြီးတွေကို ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်ပထမဆုံးရောက်တဲ့ အာဖရိကအသင်း ဖြစ်လာခဲ့ပါတယ်။

ကမ္ဘာ့ဖလားကို အရှုံးနဲ့အဆုံးသတ်ခဲ့ရပေမယ့် ရီဂရာဂွီက ကမ္ဘာ့ဘောလုံးအင်အားကြီးအသင်းတွေနဲ့ ယှဉ်ပြိုင်နိုင်တယ်ဆိုတာ အသင်းက ပြသနိုင်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။

ရီဂရာဂွီက “မနက်ဖြန်မှာ ကျွန်တော်တို့ အောင်ပွဲခံကြမှာဖြစ်ပြီး ဒီအဆင့်ထိရောက်လာတဲ့ အောင်မြင်မှုကြီးကို အမှတ်ရကြမှာပါ။ ကျွန်တော်တို့ ကမ္ဘာ့ထိပ်တန်းအသင်းသုံးသင်းထဲက တစ်သင်းဖြစ်တဲ့ ခရိုအေးရှားနဲ့ နှစ်ကြိမ်ကစားခဲ့ရပါတယ်။ ကျွန်တော်တို့ စပိန်၊ ပေါ်တူဂီ၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ကနေဒါတို့နဲ့ ကစားခဲ့ရပါတယ်”

“ကျွန်တော်တို့ တစ်နေ့မှာ ကမ္ဘာ့ဖလားဆွတ်ခူးရမယ်ဆိုတဲ့ မျှော်မှန်းချက်ရှိပါတယ်။ မော်ရိုကိုက ဒီလိုထပ်တန်းအသင်းတွေနဲ့ ခြေရည်တူ ကစားနိုင်တယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က အခု ကမ္ဘာ့အကောင်းဆုံးအသင်းလေးသင်းထဲက တစ်သင်းဖြစ်လာခဲ့ပါပြီ”လို့ ပြောခဲ့ပါတယ်။

#၂၀၂၂ကမ္ဘာ့ဖလား #မော်ရိုကို #ရီဂရာဂွီ