ရှေ့သို့
Image

ရော်နယ်ဒို အနေနဲ့ ကစားသမားဘဝက အနားယူသွားနိုင်တယ်လို့ ပြောကြားလိုက်တဲ့ ပက်ထရစ်အီဗရာ

10:24 AM, 17 December

ခရစ်တီယာနို ရော်နယ်ဒိုဟာ သူ့ရဲ့ ကမ္ဘာ့ဖလား အိပ်မက်လက်လွှတ် ဆုံးရှုံးလိုက်ရပြီးနောက် သူ့အနေနဲ့  ကစားသမားဘဝကနေပါ အနားယူသွားနိုင်ကြောင်း အသင်းဖော်ဟောင်း ပက်ထရစ် အီဗရာက ပြောကြားလိုက်ပါတယ်။

ကာတာကမ္ဘာ့ဖလားမှာ ပေါ်တူဂီ အသင်းရဲ့ နောက်ဆုံး ပွဲစဉ် ၂ ပွဲကို ရော်နယ်ဒိုဟာ လူစားဝင် ကစားသမားအဖြစ်သာ ပါဝင် ကစားခွင့်ရခဲ့ပါတယ်။ ပေါ်တူဂီ အသင်းဟာ ကွာတားဖိုင်နယ်အဆင့်မှာ မော်ရိုကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲက ထွက်ခွာခဲ့ရပါတယ်။ ရွှေဘောလုံး ၅ ဆုရှင်ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၅ ကြိမ်စလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကမ္ဘာ့ဖလားသွင်းဂိုး ၈ ဂိုးစလုံးကတော့ အုပ်စု အဆင့်မှာပဲ သွင်းယူနိုင်ခဲ့တာပါ။

ရော်နယ်ဒိုဟာ ယူနိုက်တက် အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး အသင်းလက်မဲ့ ဖြစ်နေတာကြောင့် သူ့ကို ဆော်ဒီ ကလပ်အယ်နာဆာအသင်းက ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုရဲ့ ယူနိုက်တက် အသင်းဖော်ဟောင်း အီဗရာကတော့ ရော်နယ်ဒိုဟာ ကစားသမားဘဝ အနားယူသွားနိုင်ချေရှိတယ်လို့ ပြောထားပါတယ်။

"ကျွန်တော် သူနဲ့ စကားပြောဖြစ်တဲ့ အခါမှာ အထူးသဖြင့် သူ့အနာဂတ်နဲ့ ပတ်သက်လို့ ဘာဆက်လုပ်ဖို့ရှိသလဲဆိုတာကို မပြောဖြစ်ပါဘူး။ ရော်နယ်ဒိုအနေနဲ့ ကစားသမားဘဝ အနားယူသွားမလားဆိုတာတောင် ကျွန်တော် မသိပါဘူး" လို့ Sky Sport မှာ သောကြာနေ့က အီဗရာက ပြောကြားခဲ့ပါတယ်။

"တခါတလေမှာ ကိုယ်ကစားသမားဘဝ အနားယူမယ့် အချိန်ကို သိဖို့လိုပါတယ်။ ဟုတ်ပြီ ငါတော့ ကစားသမားဘဝက အနားယူချိန်တန်ပြီ ဆိုပြီးတော့ပေါ့။ အထူးသဖြင့် နိုင်ငံ အသင်းရဲ့ ပွဲထွက် ၁၁ ယောက်စာရင်းမှာ မပါတော့ရင်ပေါ့" "ရော်နယ်ဒိုက ကြံ့ခိုင်ပြီး သူ့နိုင်ငံ အသင်းအတွက် ကမ္ဘာ့ဖလား ရရှ်ိအောင် ကစားပေးချင်တာပါ။ အဲ့ဒါက သူ့ရဲ့ အိပ်မက်ပါ။ အခုတော့ အဲ့ဒီအိပ်မက်က မရှိတော့ပါဘူး။ ကျွန်တော်ဒါကို ရော်နယ်ဒိုနဲ့ မပြောဖြစ်ပါဘူး။ ဒါပေမယ့် သူကစားသမားဘဝက အနားယူသွားမယ်ဆိုရင်လည်း ကျွန်တော် အံ့ဩမိမှာ မဟုတ်ပါဘူး" "အခုရော်နယ်ဒို ပြုလုပ်ခဲ့တာတွေနဲ့ ပတ်သက်လို့ သူဟာ လူဆိုးတစ်ယောက်ပဲ ဖြစ်ဖြစ် ၊ မကောင်းတဲ့ ကစားသမားပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပါ သူအနားယူသွားမယ်ဆိုရင် ကျွန်တော် အံ့ဩမှာ မဟုတ်ပါဘူး"လို့ အီဗရာက ဆိုပါတယ်။

ရော်နယ်ဒိုရဲ့ ပြိုင်ဘက် လီယွန်နယ်မက်ဆီကတော့ အာဂျင်တီးနား အသင်းနဲ့အတူ ဗိုလ်လုပွဲကို တက်ရောက်ထားနိုင်လို့ ကမ္ဘာ့ဖလား ဆုဖလားကို ကိုင်မြောက်နိုင်ဖို့ အခွင့်အရေး ရှိနေတာပါ။ ပရိသတ်တွေကတော့ မက်ဆီဟာ ကမ္ဘာ့ဖလားကို ရရှိပြီး ထာဝရ အကောင်းဆုံး ကစားသမား ဖြစ်လာလိမ့်မယ်လို့ ပြောနေကြပေမယ့် အီဗရာကတော့ မက်ဆီဟာ ရော်နယ်ဒိုနဲ့ အတူတူ အကောင်းဆုံး ကစားသမားဖြစ်ပြီးနေပါပြီလို့ ပြောကြားလိုက်ပါတယ်။

"သူ(မက်ဆီ) ကကမ္ဘာ့ဖလားရဖို့ မလိုပါဘူး။ သူဟာ ရော်နယ်ဒိုနဲ့အတူတူ အကောင်းဆုံး ကစားသမားဖြစ်နေပြီးပါပြီ။ ဘာကြောင့် မက်ဆီကို ကမ္ဘာ့ဖလားရစေချင်တာလည်း။ ဆိုတော့ အာဂျင်တီးနားသားတွေကို မက်ဆီကို မာရာဒိုနာနဲ့ တူညီစေချင်တာပါ" "လူတွေက မက်ဆီကို အာဂျင်တီးနားအသင်း အတွက် ဘာမှ မှတ်တမ်းကောင်း မရထားဘူးလို့ ဆိုပေမယ့် မက်ဆီဟာ အာဂျင်တီးနား အသင်းနဲ့ ဗိုလ်လုပွဲ ၆ ကြိမ်အထိ ကစားထားနိုင်တာပါ။ သူ့ကို အကောင်းဆုံး ကစားသမား ဖြစ်မဖြစ် ငြင်းစရာမလိုပါဘူး။ ဒါပေမယ့် လူတွေမေ့ထားလို့ မရတာက မက်ဆီလည်း အကောင်းဆုံးပါ။ ရော်နယ်ဒိုလည်း အကောင်းဆုံး ကစားသမားပါပဲ။ သူ့အနေနဲ့ ကမ္ဘာ့ဖလားမကစားရလည်း အကောင်းဆုံး ကစားသမားဖြစ်နေပြီးသားပါ။ လူတွေရဲ့ မတူညီတဲ့ အမြင်တွေကိုတော့ လေးစားရပါမယ်"လို့ အီဗရာက ပြောခဲ့ပါတယ်။

#အီဗရာ #ပေါ်တူဂီ #ရော်နယ်ဒို #၂၀၂၂ကမ္ဘာ့ဖလား