ရှေ့သို့
Image

ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ပြင်သစ်တို့ အားသာနေတဲ့ အချက်တစ်ခုကို ထုတ်ပြောလာတဲ့ ဒရော့ဘာ

1:48 PM, 16 December

လာမယ့်တနင်္ဂနွေနေ့၊ ပြင်သစ်နဲ့ အာဂျင်တီးနားတို့ ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဒက်စ်ချမ့်ရဲ့အသင်း အသာရနေတဲ့ အချက်တစ်ခုကို အိုင်ဗရီကို့စ် လက်ရွေးစင် ကစားသမား၊ ချဲလ်ဆီး ဂန္တဝင်ကစားသမား ဒရော့ဘာက ထုတ်ပြောလိုက်ပါတယ်။

ဒီပွဲစဉ်မှာ အာဂျင်တီးနားက မက်ဆီရဲ့ကစားသမားဘ၀ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားချန်ပီယံဆုလည်းဖြစ်၊ နိုင်ငံအတွက် တတိယအကြိမ် ကမ္ဘာ့ဖလား ချန်ပီယံဆုလည်း ဖြစ်စေမယ့် အောင်ပွဲကို မျှော်လင့်နေသလို ပြင်သစ်ကလည်း နှစ်ပေါင်း ၆၀ အတွင်း ကမ္ဘာ့ဖလားချန်ပီယံဆုကို ကာကွယ်နိုင်တဲ့ လက်ရှိချန်ပီယံအဖြစ် မှတ်တမ်းတင်ခွင့်ရမယ့် အခွင့်အရေးအတွက် တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေမှာပဲ ဒရော့ဘာက ပြီးခဲ့တဲ့လေးနှစ်၊ ကမ္ဘာ့ဖလားချန်ပီယံအဖြစ် အောင်ပွဲခံနိုင်တဲ့ အတွေ့အကြုံပိုင်းဟာ ပြင်သစ်အတွက် အားသာချက်ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပြီး အခုလက်ရှိ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပြင်သစ်က ၂၀၁၈ ချန်ပီယံအသင်းမှ ကစားသမား ၁၀ ဦးကို အခြေတည်ကာ ဖွဲ့စည်းထားမှုကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

BBC Sport သတင်းဌာနနဲ့တွေ့ဆုံချိန် ဒရော့ဘာက “လွန်ခဲ့တဲ့လေးနှစ်၊ ဗိုလ်လုပွဲအဆင့်အထိတက်ရောက်ပြီး ဆုဖလားကို အနိုင်ရခဲ့တဲ့ အတွေ့အကြုံက ပြင်သစ်အတွက် အားသာချက်ပါပဲ။ ခင်ဗျားအနေနဲ့ ဒီအဆင့်အထိ ရောက်ရှိလာပြီးရင် ဒီအတွက်သက်ရောက်လာမယ့် ဖိအားတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သိထားရပါမယ်။ ဒါပေမယ့် ပြင်သစ် အသင်းမှာ ကစားသမားသစ်တွေ ပါဝင်ပြီး ဒီပွဲစဉ်က သူတို့အတွက် အသစ်တစ်ခုလို ဖြစ်နေပါလိမ့်မယ်။ သူတို့ထဲက တချို့ဆိုရင် မက်ဆီနဲ့ရင်ဆိုင်ရတာ ပထမဆုံးအကြိမ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ ဖိအားရှိနေပါလိမ့်မယ်။ အခုပြင်သစ်အသင်းက နည်းပြဒက်စ်ချမ့်လက်အောက်မှာ အရမ်းအရမ်းကို စုစည်းမှုရှိနေတဲ့အသင်းဖြစ်သလို နှစ်ကြိမ်ဆက် ကမ္ဘာ့ဖလားချန်ပီယံအဖြစ် အောင်ပွဲခံချင်နေမှာပါ”

“ပြင်သစ်အသင်းဟာ သူတို့ရဲ့မျှော်လင့်ချက်ကို ဘယ်လိုမှ အထိခိုက်မခံဘူးဆိုတာ အာဂျင်တီးနားလည်း သိပါတယ်။ အာဂျင်တီးနားကလည်း အရမ်းကို အင်တိုက်အားတိုက်ကစားတက်ပြီး သူတို့အနေနဲ့ မက်ပီနဲ့ ရင်ဆိုင်ချင်မှာ မဟုတ်ပါဘူး။ အာဂျင်တီးနားအနေနဲ့ မက်ပီက အဓိကကစားသမားဆိုတာ သိထားတာကြောင့် ရပ်တန့်နိုင်ဖို့ ကြိုးစားသွားမှာပါ။ ဒီလိုအခြေအနေတွေကပဲ ချူအာမန်နီ၊ ဂရစ်ဇ်မန်း၊ ဒမ်ဘီလီတို့လိုကစားသမားတွေကို ထိန်းချုပ်ဖို့ အာဂျင်တီးနားအတွက် အခက်အခဲဖြစ်လာစေပါမယ်။ ကျွန်တော်တို့ ဒမ်ဘီလီအကြောင်းတောင် သိပ်မပြောဖြစ်ဘူး။ ကျွန်တော့်အမြင်အရ ဒမ်ဘီလီက ကွန်ဒီကို အကူအညီတွေ အများကြီးပေးနေတယ်။ လက်ရှိမှာလည်း အလုပ်ကို ပြင်းပြင်းထန်ထန်ကြိုးစားနေပါတယ်”လို့ ပြောဆိုခဲ့တာပါ။

#အာဂျင်တီးနား #ပြင်သစ် #ဒက်စ်ချမ့် #ဒရော့ဘာ #၂၀၂၂ကမ္ဘာ့ဖလား