ရှေ့သို့
Image

ဘရာဇီးလူငယ်ကြယ်ပွင့် အန်းဒရစ်ကို ခေါ်ယူနိုင်ခဲ့ပြီလို့ တရားဝင်ကြေညာတဲ့ ရီးရဲလ်မက်ဒရစ်

10:23 AM, 16 December

ရီးရဲလ်မက်ဒရစ်က ဘရာဇီးလူငယ်ကြယ်ပွင့် အန်းဒရစ်ကို ခေါ်ယူနိုင်ခဲ့ပြီလို့ တရားဝင်ကြေညာခဲ့ပြီး ဒီကစားသမားလေး အနေနဲ့ စပိန်ထိပ်သီးကလပ်ဆီ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှာ တရားဝင်ဆက်သွယ်လာဖို့ ရှိပါတယ်။

ရီးရဲလ်မက်ဒရစ်က ဒီကစားသမားလေးကို ခေါ်ယူနိုင်ဖို့ ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ ချဲလ်ဆီးတို့နဲ့ အဓိကယှဉ်ပြိုင်ခဲ့ရပြီး ပြောင်းရွှေ့ကြေးငွေ ပေါင် ၅၁ သန်းကို လက်ငင်းပေးချေသွားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အပိုထပ်ဆောင်းဆုကြေး ပေါင် ၁၀ သန်းကျော်နဲ့ အခွန်ငွေ ပေါင် ၁၀ သန်းကျော်တို့ကို ထပ်မံပေးချေသွားရဖို့ ရှိတယ်လို့ သတင်းတွေအရ သိရပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်က ဒီကစားသမားလေးဟာ နောက်ထပ် ၁၈ လမတိုင်ခင်အထိ သူ့ရဲ့လက်ရှိကလပ် ပါမီးရက်စ်မှာပဲ ဆက်ရှိနေမှာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

“အန်းဒရစ်အနေနဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှာ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ကိစ္စအပေါ် ရီးရဲလ်မက်ဒရစ်၊ ပါမီးရက်စ်၊ အန်းဒရစ်နဲ့ သူ့ရဲ့မိသားစုတို့ဟာ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဒီကာလမတိုင်ခင်အထိတော့ အန်းဒရစ်က ပါမီးရက်စ်အသင်းမှာပဲ ဆက်ရှိနေမှာဖြစ်ပါတယ်။ လာမယ့်ရက်ပိုင်းမှာလည်း အန်းဒရစ်က ရီးရဲမက်ဒရစ်ရဲ့ လေ့ကျင့်ရေးဆိုင်ရာ အခြေခံအဆောက်အဦးတို့ကို လာရောက်လေ့လာဖို့ ခရီးထွက်လာမှာ ဖြစ်ပါတယ်”လို့ ရီးရဲမက်ဒရစ်အသင်းက တရားဝင်သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း အန်းဒရစ်က ပရော်ဖက်ရှင်နယ်ကစားသမားကို ပါမီးရက်စ်မှာ စတင်ခဲ့ပြီးနောက် ကမ္ဘာတလွှားမှ ဘောလုံးကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ သတင်းတွေအရ ပြီးခဲ့တဲ့လအတွင်း ပီအက်စ်ဂျီက ဒီတိုက်စစ်မှူးလေးအတွက် ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခဲ့တယ်လို့ သိရပါတယ်။

အလားတူ ချဲလ်ဆီးကလည်း အန်းဒရစ်ကိုခေါ်ယူဖို့ ကြိုးစားမှုတွေ ရှိခဲ့သလို ဘာစီလိုနာနည်းပြဇာဗီကလည်း ပါမီးရက်စ်စတားကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ရှိတယ်လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။ ဘယ်ခြေအားသန်တိုက်စစ်မှူးက အသက်-၁၆ နှစ်အရွယ်မှာပဲ ပါမီးရက်စ်အတွက် ပွဲဦးထွက်ကစားပေးခဲ့ပြီး ဘရာဇီးကလပ်ရဲ့ သမိုင်းတလျှောက် အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အန်းဒရစ်က ဘရာဇီးထိပ်တန်းလိဂ်မှာ သုံးဂိုးအထိ သွင်းယူထားပါတယ်။

ရီးရဲလ်မက်ဒရစ်က ၂၀၁၇ ခုနှစ်မှာ ဖလာမင်ဂိုရဲ့ အသက်-၁၆ နှစ်အရွယ် တိုက်စစ်မှူး ဗင်နီးစီးယက်စ်ကို ခေါ်ယူခဲ့သလို ၂၀၁၈ ခုနှစ်မှာ ဆန်းတို့စ်ရဲ့ အသက်-၁၇ နှစ်အရွယ် တိုက်စစ်မှူး ရိုဒရီဂိုကို ဆက်လက်ခေါ်ယူခဲ့ပါတယ်။

#ဘရာဇီး #ရီးရဲလ်မက်ဒရစ် #အပြောင်းအရွှေ့ အန်းဒရစ်ခ်