ခရိုအေးရှားနဲ့ ပွဲက မက်ဆီရဲ့ခြေစွမ်းကို ဂယ်ရီနဗီးလ်နဲ့ ရွိုင်ကိန်းတို့ ချီးကျူး
1:12 PM, 14 December
အာဂျင်တီးနား အသင်း အနိုင်ရရှိခဲ့တဲ့ ခရိုအေးရှားနဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ အသက်အရွယ်နဲ့ မလိုက်အောင် ခြေစွမ်းပြကစားသွားတဲ့ လီယွန်နယ်မက်ဆီရဲ့ ခြေစွမ်းကို ဘောလုံးဝေဖန်သူတွေကိုယ်တိုင် ချီးကျူးခဲ့ကြပါတယ်။ ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ပထမပိုင်းမှာကတည်းက ပင်နယ်တီကနေ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သလို ဒုတိယပိုင်းမှာလည်း ဒီနှစ်ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနေတဲ့ ခရိုအေးရှားနောက်ခံလူ ဂျိုစ်ကိုဂဗာဒီယိုလ်ကို လှလှပပကျော်ဖြတ်ပြီး တိုက်စစ်မှူးဂျူလီယန်အယ်ဗာရက်ဆီ ပေးပို့ကာ တတိယဂိုးကို ဖန်တီးပေးခဲ့ပါသေးတယ်။
အဲ့ဒါကြောင့်လည်း ဂယ်ရီနဗီးလ်၊ ရွိုင်ကိန်းတို့လို ဝေဖန်သူတွေကတောင် မက်ဆီကို အပြည့်အ၀ ချီးကျူးခဲ့ကြပါတယ်။ နဗီးလ်ကလည်း ဒီနေ့ပွဲဟာ မက်ဆီရဲ့ အကောင်းဆုံး ကမ္ဘာ့ဖလား ခြေစွမ်းဖြစ်ကြောင်း “အဲ့ဒီတတိယဂိုးက တကယ့်ကို ပါရမီရှင်ပီသလွန်းတယ်၊ ကမ္ဘာဖလားဆိုတာ စစ်ဆင်ရေးတစ်ခုပါပဲ၊ မက်ဆီအတွက်တော့ ဒါကတစ်ဦးတည်း လှုပ်ရှားလို့ရတဲ့ စစ်ဆင်ရေးမျိုးပါပဲ။ သူ့မှာ သူ့ကိုဝန်းရံပေးမယ့် လက်ရွေးစင်တပ်သား ၁၀ ယောက်လည်း အနားမှာရှိတယ်။ ဒီနှစ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ပရိသတ်တွေလည်း ပိုင်ဆိုင်ထားတယ်၊ ပရိသတ်အင်အားက ပြိုင်ပွဲတစ်လျှောက်လုံး တိုးတက်နေတာပါ”လို့ ပြောသွားခဲ့ပါတယ်။
နဗီးနဲ့မန်ချက်စတာယူနိုက်တက် အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ရွိုင်ကိန်းတို့ သဘောထားတိုက်ဆိုင်တယ်ဆိုတာ ရှားပါတယ်။ ဒါပေမယ့် ဒီတစ်ခေါက် မက်ဆီ အကြောင်းပြောရာမှာတော့ နှစ်ယောက်စလုံးတစ်လေသံတည်း ထွက်လာကြပါတယ်။
ကိန်းကလည်း “သူ့ကိုကြည့်နေရတာကိုက စိတ်ချမ်းသာတယ်၊ တကယ်ပြောတာ ဒီအသက်ဒီအရွယ်မှာ ဒီလောက်ထိ လုပ်ပြနေတာ အံ့သြဖို့တောင်ကောင်းတယ်။ သူရင်ဆိုင်နေတာကလည်း တကယ့်ကို အကောင်းဆုံး ကစားသမားတွေချည့်ပဲ”ဆိုပြီးပြောခဲ့ပါတယ်။
ခရိုအေးရှားခံစစ်မှူး ဂဗာဒီယိုလ်ဆိုရင် ဒီနှစ်ကမ္ဘာ့ဖလားရဲ့ စွမ်းဆောင်ရည်အကောင်းဆုံး ခံစစ်မှူးတစ်ယောက်ဖြစ်ပေမယ့်လည်း ၁၅ နှစ်လောက်ပိုပြီး စီနီယာကျတဲ့ အာဂျင်တီးနားသားကြီးအတွက်တော့ အေးအေးဆေးဆေး ကျော်ဖြတ်လို့ရတဲ့ ချာတိတ်လေးတစ်ယောက် ဖြစ်နေခဲ့ပါတယ်။ အာဂျင်တီးနားဟာ အခုဆိုရင် နောက်ဆုံး ကမ္ဘာ့ဖလား ၃ ကြိမ် ၂ ကြိမ် ဖိုင်နယ်တက်ခဲ့ပြီး လာမယ့်တနင်္ဂနွေနေ့မှာ ပြင်သစ် သို့မဟုတ် မော်ရိုကိုနဲ့ ဗိုလ်လုပွဲကစားရတော့မှာပဲ ဖြစ်ပါတယ်။