ရှေ့သို့
Image

ယာဂန်ကလော့ပ်ရဲ့ ကစားဟန်ကို မသိလို့ Google မှာ ရှာခဲ့ရတယ်လို့ ဆိုလိုက်တဲ့ အဒမ်လယ်လာနာ

3:34 PM, 13 December

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှာ လီဗာပူးအသင်းနည်းပြသစ်အဖြစ် ယာဂန်ကလော့ပ်ကို ခန့်အပ်ပြီးနောက် ဂျာမန်သားနည်းပြရဲ့ကစားဟန်အကြောင်း မသိတဲ့အတွက် Google မှာ ရှာဖွေခဲ့ရတယ်လို့ လီဗာပူး ကွင်းလယ်လူဟောင်း အဒမ်လယ်လာနာက ထုတ်ပြောလာပါတယ်။ ဒီကွင်းလယ်တိုက်စစ်သမားက သူနဲ့ကလော့ပ်တို့အကြား ကောင်းမွန်ခိုင်မာတဲ့ ဆက်ဆံရေးကို ရှင်းပြခဲ့သလို နည်းပြဟောင်းရဲ့ နည်းဗျူဟာပိုင်းတွေအတွက် သူအနေနဲ့ ဂုဏ်ယူမိတဲ့အကြောင်း ပြောခဲ့ပါတယ်။

ဂျာမန်သားနည်းပြအနေနဲ့ သူ့ကို ဘယ်လိုပုံစံမျိုး အနားယူစေခဲ့သလဲဆိုတာနဲ့ နော့ဝှစ်နဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်မတိုင်ခင် လယ်လာနာရဲ့သွင်းဂိုး ရယူနိုင်စွမ်းပြန်လည်ရှာဖွေတွေ့ရှိခဲ့ပုံကိုလည်း အင်္ဂလန်လက်ရွေးစင် ကစားသမားဟောင်းက ရှင်းပြခဲ့ပါတယ်။ အပိုင်းနှစ်ပိုင်းပါ ရုပ်သံစီးရီးတစ်ခုအတွင်း လယ်လာနာက ကလော့ပ်ကို လီဗာပူးနည်းပြအဖြစ် ခန့်အပ်ခဲ့ချိန်အကြောင်း ပြန်ပြောလာပါတယ်။

သူက “ကလော့ပ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ချိန် ကျွန်တော်က နိုင်ငံ့လက်ရွေးစင်တာဝန် ထမ်းဆောင်နေတာကို မှတ်မိပါသေးတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်က သူ့ရဲ့နာမည်နဲ့ သူကြိုက်နှစ်သက်တဲ့ကစားဟန်က ဘယ်လိုလဲဆိုတာကို Google မှာ ရှာဖွေခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ရဲ့လီဗာပူးကစားသမားဘဝမှာ ပထမဆုံး ဘောလုံးရာသီကို ခက်ခက်ခဲခဲကျော်ဖြတ်ခဲ့ရလို့ အန်ဖီးလ်ကလပ်ကစားသမားဘ၀ စတင်နိုင်ရေး ကျွန်တော် မျှော်လင့်နေခဲ့လို့ပါ။ ကလော့ပ်က Gegenpressing ကစားဟန်ကို ကြိုက်နှစ်သက်တယ်ဆိုတာကို ပြောဆိုနေခဲ့လို့ အဲ့ဒီကစားဟန်က ဘာလဲဆိုတာ ကျွန်တော်ရှာဖွေခဲ့ပါတယ်။ ခင်ဗျားလည်း အဲ့ဒီကစားဟန်ကို ကြည့်လိုက်ပါ။ တန်ပြန်ဖိအားပေးတာနဲ့ ပြေးလွှားခြင်းကို ပေါင်းစပ်ထားတဲ့ ပုံစံတစ်ခုနဲ့တော်တော်လေးတူပါတယ်။ ဒါနဲ့ ကျွန်တော်က ဒီကစားဟန်ဟာ ငါကြိုက်နှစ်သက်တဲ့ကစားဟန်မျိုးပဲလို့ တွေးလိုက်မိပါတယ်။ ပိုချက်တီနို လက်အောက် ဆောက်သမ်တန် အသင်း ကစားသမားဘဝကနေ ထွက်ခွာလာရတဲ့သူ တစ်ယောက်အနေနဲ့ အလုပ်ကို ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုပြေးလွှားရမယ်ဆိုတာကို သင်ယူလေ့လာခဲ့ရပါတယ်။ အခုအချိန်မှာ အတိတ်ကိုပြန်လှည့်ကြည့်မယ်ဆိုရင် ကလော့ပ်နဲ့ ကျွန်တော့်အကြား ချက်ချင်းဆိုသလိုပဲ အချိတ်အဆက်မိသွားတာ အံ့သြစရာတော့ မရှိပါဘူး”လို့ ဆိုပါတယ်။

လယ်လာနာက လီဗာပူးအသင်းနဲ့အတူ ၂၀၁၉ -၂၀၂၀ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အဲ့ဒီရာသီအကုန်မှာပဲ ဘရိုက်တန်အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။

#လီဗာပူး #ပရီးမီးယားလိဂ် #လယ်လာနာ