ရှေ့သို့
Image

ဒူးဒဏ်ရာ ခွဲစိတ်ကုသမှုခံယူပြီးနောက် ဆေးရုံပေါ်ရှိ ဒီယက်ဇ်ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာ

3:11 PM, 13 December

လီဗာပူး တိုက်စစ်မှူးလူးဝစ်ဒီယက်ဇ်ရဲ့ချစ်သူ ဂီရာပွန့်က ဒူးဒဏ်ရာ ခွဲစိတ်ကုသမှုခံယူပြီးနောက် ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ ကိုလံဘီယာစတားရဲ့ဓါတ်ပုံတွေကို လူမှုကွန်ရက်မှတဆင့် မျှဝေပေးခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် လီဗာပူးတိုက်စစ်မှူးက ဒူးဒဏ်ရာ ရရှိပြီးနောက် ပြီးခဲ့တဲ့အောက်တိုဘာလမှစတင်ကာ ယာဂင်ကလော့ပ်ရဲ့ အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်း မရှိပါဘူး။ အခုရက်ပိုင်းအတွင်း လီဗာပူးရဲ့ဒူဘိုင်းခရီးစဉ်မှာ လိုက်ပါသွားခဲ့တဲ့ ဒီယက်ဇ်က ဒူးဒဏ်ရာ ပြန်လည်ပေါ်ပေါက်လာခဲ့တာကြောင့် လီဗာပူးမြို့ဆီ ပြန်လာခဲ့ရပြီး ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။ ဒီကုသမှုအပြီးမှာ ကိုလံဘီယာကြယ်ပွင့်တိုက်စစ်မှူးအနေနဲ့ လာမယ့် ၂၀၂၃ ခုနှစ်၊ မတ်လအထိ ဘောလုံးပြန်ကစားနိုင်ဖွယ် မရှိသေးဘူးလို့ The Athletic သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒီယက်ဇ်အတွက် အလွန်စိတ်ပျက်စရာအချိန်ကာလတစ်ခုကို ဖြတ်သန်းနေရပေမယ့် သူ့ရဲ့ချစ်သူ ဂီရာပွန့်ကတော့ အနားမှာရှိနေပေးရင်း အပြုသဘောဆောင်တဲ့ အားပေးမှုတွေ လုပ်ပေးနေပါတယ်။ ဂီရာပွန့်က ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ ဒီယက်ဇ်ရဲ့ဓါတ်ပုံတွေကို ဝေမျှပေးရင်း သူမချစ်သူရဲ့ အောင်မြင်မှုခရီးလမ်းကို ပြန်လည်စတင်ဖို့ အားပေးနှစ်သိမ့်ခဲ့ပါတယ်။

Instagram လူမှုကွန်ရက်မှတဆင့် ဂီရာပွန့်က “တခါတရံ ဘဝမှာကြုံတွေ့ရတဲ့အခက်အခဲတွေက ကျွန်မတို့အတွက် ထူးခြားတဲ့ခရီးလမ်းတစ်ခုကို လျှောက်လှမ်းဖို့ တိုက်ရိုက်ပြင်ဆင်ပေးလာပါတယ်။ အခုအချိန်မှာတော့ စိတ်ရှည်သည်းခံမှုနဲ့ ခွန်အားတွေက မရှိမဖြစ်လိုအပ်ပါတယ်။ ဒါပေမယ့် ဒါတွေအားလုံးထက်စာရင် မိသားစုရဲ့ချစ်ခြင်းမေတ္တာက ပိုပြီး အရေးကြီးပါတယ်။ ရှင့်အတွက် ကျွန်မတို့အားလုံး ဒီနေရာမှာ ရှိနေပါတယ်။ အမြဲတမ်းအတူတူပါပဲ။ ရှင့်အနေနဲ့ ပိုပြီးသန်မာလာတာကို ကျွန်မတို့တွေ မြင်တွေ့ရပါလိမ့်မယ်။ ကျွန်မတို့ ရှင့်ကို ချစ်တယ်”လို့ ရေးသားခဲ့ပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကိုလံဘီယာအသင်းခြေစစ်ပွဲ မအောင်မြင်ခဲ့တာကြောင့် လူးဝစ်ဒီယက်ဇ်ဟာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ သတင်းစာရှင်းလင်းပွဲမှာလည်း လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က လူးဝစ်ဒီယက်ဇ်ရဲ့ ဒူးဒဏ်ရာသတင်းတွေဟာ သူ့ရဲ့မျက်နှာကို လက်သီးနဲ့ ခပ်ပြင်းပြင်းထိုးခံရသလို ခံစားရတယ်လို့ ပြောဆိုခဲ့ပါတယ်။

လီဗာပူးအသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ပထမဆုံးပွဲစဉ်အဖြစ် ဒီဇင်ဘာ ၂၂ ရက်မှာ မန်ချက်စတာစီးတီးနဲ့ ကာရာဘောင်ဖလားပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ #လီဗာပူး #ဒီယက်စ် #ပရီးမီးယားလိဂ်