ပူလီဆစ်က ဂျီးဆပ်စ်နေရာအတွက် ကောင်းမွန်တဲ့ ခေါ်ယူမှုဖြစ်လာနိုင်တယ်လို့ ပီတစ် အခိုင်အမာဆို
10:05 AM, 13 December
အာဆင်နယ်စတားဟောင်း ပီတစ်က ပူလီဆစ်ဟာ ဂျီးဆပ်စ်နေရာအတွက် ကောင်းမွန်တဲ့ ခေါ်ယူမှုဖြစ်လာနိုင်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။
အာတီတာကတော့ အခုဆောင်းဈေးကွက်မှာ ဂျီးဆပ်စ်နေရာကို အားဖြည့်နိုင်တယ်လို့ အရိပ်အမြွက် ပြောကြားခဲ့တာဖြစ်ပါတယ်။ ပစ်မှတ်တော်တော်များများကို ချိတ်ဆက်နေပေမယ့် ပီတစ်က ချဲလ်ဆီးမှာ အထိုင်မကျဖြစ်နေတဲ့ အမေရိကန်သားဟာ အကောင်းဆုံး ရွေးချယ်မှုဖြစ်လာနိုင်တယ်လို့ ထင်မြင်နေပါတယ်။
“ပူလီဆစ်က ကမ္ဘာ့ဖလားမှာ အကောင်းဆုံးခြေစွမ်းပြထားပါတယ်။ သူက အမေရိကန်အတွက် အကောင်းဆုံး ကစားပေးခဲ့သလို အခြားအသင်းတစ်သင်းမှာ ပုံမှန်ကစားခွင့်နဲ့ထိုက်တန်ပါတယ်။ ဒီလိုကစားသမားမျိုးကို အာဆင်နယ်က လိုအပ်ပါတယ်။ ဂျီးဆပ်စ်နေရာ အတွက် ပူလီဆစ်က အကောင်းဆုံး အစားထိုးမှုဖြစ်လာနိုင်ပါတယ်။ ပြီးတော့ ဇီယက်ချ်ကလည်း ချဲလ်ဆီးမှာ ကစားခွင့်နဲ့ မထိုက်တန်ပဲ အခြားအသင်းမှာ ပုံမှန်ကစားခွင့်နဲ့ထိုက်တန်ပါတယ်”လို့ ပီတစ်က ပြောကြားခဲ့ပါတယ်။
“အခုဈေးကွက်မှာ သူတို့အားဖြည့်ဖို့ လိုအပ်ပါတယ်။ ဂွန်ကာလိုရာမို့စ်နဲ့လည်း သတင်းတွေ ထွက်နေပါတယ်။ ကျွန်တော်ကတော့ အရမ်းစောလွန်းနေတယ်လို့ ထင်ပါတယ်။ သူမော်ရိုကိုနဲ့ပွဲမှာ ထိထိရောက်ရောက်မလုပ်နိုင်ခဲ့ပါဘူး။
ဇာဟာ၊ မက်ဆီမင်နဲ့ ပူလီဆစ်တို့လို ကစားသမားမျိုးတွေကို ပစ်မှတ်ထားသင့်တယ်လို့ ထင်ပါတယ်။ ပူလီဆစ်က အာတီတာ လိုချင်တာနဲ့ ကွက်တိပါပဲ။ တချက်ထိအကွက်နဲ့လည်း ကိုက်ညီသလို လန်ဒန်မှာနေတာကြောင့် အေးဆေးပြောင်းလိုက်ယုံပါပဲ”လို့ ပီတစ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ ၂၀၀၇ နောက်ပိုင်း ခရစ္စမတ်မှာ ပထမဆုံးအကြိမ် အမှတ်ပေးဇယားကိုဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။